မေဆန်မောင့်၊ စတာလင်၊ ချူဝါမန်နီ၊ မပြီးသေးတဲ့ ဘတ်ပီ ကိစ္စနဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

မန်ယူနည်းပြ တန်ဟက်ဟာ ချဲလ်ဆီး ကွင်းလယ်သမား မေဆန်မောင့် ကို သဘောကျသူ ဖြစ်ပြီး မောင့်နဲ့ ချဲလ်ဆီး တို့ သက်တမ်းတိုး စာချုပ်ကိစ္စ အဆင် ပြေ၊ မပြေ ကို စောင့်ကြည့်နေပါတယ်။ မောင့်ကို မန်ယူ အပြင် လီဗာပူး၊ မန်စီးတီးနဲ့ ဘာစီလိုနာ တို့ကလည်း ခေါ်ယူလိုနေပါတယ်။

လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ မိုနာကိုကြယ်ပွင့် ဘန်ယက်ဒါကို ခေါ်ယူဖို့ မျက်စီကျလျက်ရှိနေတယ်လို့ ပြင်သစ်နာမည်ကြီး သတင်းဋ္ဌာန L’Equipe က ဖော်ပြထားပါတယ်။ ကစားသမားဘက်ကလည်း နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့ လိုနေတယ်လို့ သိရပါတယ်။

မိုနာကိုကြယ်ပွင့် ချူဝါမန်နီအနေနဲ့ ပီအက်စ်ဂျီနဲ့ လီဗာပူးတို့ကိုငြင်းပယ်ပြီး လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေတော့မှာ ဖြစ်ပါတယ်။ အပြောင်းအရွှေ့အတွက် ရီးရဲနဲ့ မိုနာကိုအနေနဲ့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ပြီး ရီးရဲအနေနဲ့ ယူရိုသန်း ၁၀၀ အထိ ပေးချေသွားမှာဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ခေါ်ယူဖို့အတွက် နယူးကာဆယ်၊ လက်စတာနဲ့ အက်သလက်တီကိုတို့က ကြိုးပမ်းနေတယ်လို့ L’Equipe က ဖော်ပြထားပါတယ်။ ဆာလီဘာဟာ မာဆေးမှာ အငှားနဲ့ ကစားပြီး အာဆင်နယ်ကို ပြန်လာခဲ့ပြီး အာတီတာက သူ့ကို ပထမအသင်းမှာ နေရာပေးသွားမှာပါ။

နာပိုလီနောက်ခံလူ ကူလီဘာယီအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာလိုလျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ နာပိုလီအနေနဲ့ သူတို့ရဲ့နောက်ခံလူအတွက် ယူရိုသန်း ၃၀ ရရင် ရောင်းချ သွားမှာဖြစ်ပြီး ဘာစီလိုနာက စိတ်ဝင်စားလျက်ရှိနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီး တိုက်စစ်ကစားသမား စတာလင်ကို ခေါ်ယူဖို့ ပစ်မှတ်ထား နေကြောင်း ဂါးဒီးယန့်က ဖော်ပြထားပါတယ်။ အဆိုပါ အင်္ဂလန် လက်ရွေးစင်ရဲ့ စာချုပ်သက်တမ်းဟာ လာမဲ့နွေမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ချဲလ်ဆီးက စတာလင်ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ စတာလင်ကို ချဲလ်ဆီးအပြင် ရီးရဲမက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။

လာလီဂါဥက္ကဋ္ဌတီဘက်စ်က အမ်ဘာပေကို ငွေကြေးများစွာ သုံးစွဲပြီး စာချုပ်သက်တမ်း တိုးခဲ့တဲ့ ပီအက်စ်ဂျီရဲ့လုပ်ရပ်ကို ထပ်မံ ဝေဖန်လိုက်ပြီး ပီအက်စ်ဂျီဟာ ဥရောပဘောလ့ုံးလောကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အမ်ဘာပေကို သက်တမ်း တိုးတဲ့ ကိစ္စဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညှိစွန်းမှာဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်ကတော့ သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါတယ်။ မန်ယူရဲ့စိတ်ဝင်စားမှုနဲ့ ပတ်သက်ပြီး အမေးခံခဲ့ရာမှာတော့ဒီဂျောင်က “ကျွန်တော့်အနေနဲ့ ဘာစီလိုနာမှာပဲ ဆက်နေမှာပါ။ ဘာစီလိုနာက ကျွန်တော့်ရဲ့ ငယ်ဘ၀ အိပ်မက်ပါ။ ဘာစီလိုနာကို ရွေးချယ်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောင်တမရပါဘူး”လို့ တုံ့ပြန်ခဲ့ပါတယ်။

အတ္တလန္တာအနေနဲ့ ဂျူဗင်တပ်ကနေ အငှားနဲ့ခေါ်ယူထားတဲ့ နောက်ခံလူ ဒါမီရယ်အတွက် ပြောင်းရွှေ့ကြေး လျှော့ပေးဖို့ အလိုရှိနေပါတယ် အတ္တလန္တာအနေနဲ့ ဒါမီရယ်အတွက် ပြောင်းရွှေ့ကြေးယူရိုသန်း ၂၀ ကို ပေးချေဖို့ တွန့်ဆုတ်နေပြီး ဂျူဗင်တပ်ကလည်း သူတို့ရဲ့ ကစားသမားကို ရောင်းချလိုနေတာပါ။