မန်ယူ ကစားသမား ၂ဦးကို တပြိုင်နက် ခေါ်ဖို့ ပြင်ဆင်လာခဲ့တဲ့ မော်ရင်ဟိုရဲ့ ရိုးမားအသင်း
ရိုးမားအသင်းနည်းပြ မော်ရင်ဟိုဟာ ဒီ နွေဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၂ ဦးဖြစ်တဲ့ ဝမ်ဘစ်ဆာကာ နဲ့ ဒီယေဂို ဒါလော့တို့ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ၂ဦးလုံးကတော့ အစွန်ခံစစ်သမားတွေ ဖြစ်ကြပါတယ်။
ပေါ်တူဂီသား နည်းပြကြီး ဟာ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး လာမယ့်ရာသီ စီးရီးအေမှာ အဆင့် ၄ နေရာ ဝင်နိုင်ဖို့ ပြင်ဆင်လိုနေတာဖြစ်ပါတယ်။
ရိုးမားအသင်းဟာ လာမယ့်ရာသီသစ်မှာ ဝမ်ဘစ်ဆာကာကို ခေါ်ယူလိုနေတာဖြစ်ပြီး ယူနိုက်တက်က ဘစ်ဆာကာ အတွက် ယူရိုသန်း ၃၀ တန်ကြေးသတ်မှတ်ထားတယ်လို့ ဒယ်လိုစပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အီတလီ သတင်းတွေအရ ရိုးမားအသင်းဟာ ဝမ်ဘစ်ဆာကာကို ကနဦးအငှား အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေတယ်လို့ ဖော်ပြနေကြပါတယ်။

အသက် ၂၄ နှစ်သားဟာ ၂၀၁၉ ဇူလိုင်လတုန်းက ခရစ္စတယ်ပဲလေ့စ်အသင်းထံကနေ ယူနိုက်တက်ကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဆိုးလ်ရှားမရှိတဲ့နောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန် လာခဲ့ရတာ ဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာအပြင် အခြားတစ်ဖက်မှာလည်း ယူနိုက်တက်စတား တစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီကလည်း အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။

ဒါ့အပြင် အီတလီသတင်းတွေအရ မော်ရင်ဟိုဟာ ညာနောက်ခံလူနေရာအတွက် ဒါလော့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေတယ် လို့ ဖော်ပြနေကြပါတယ်။ ပေါ်တူဂီသားဟာ စီးရီးအေနဲ့ စိမ်းကားတဲ့သူမဟုတ်ပဲ ၂၀၂၀-၂၁ ရာသီတုန်းက အေစီမီလန်အသင်းမှာ တစ်ရာသီအငှားနဲ့ လာကစားခဲ့ဖူးသေးတာဖြစ်ပြီး ယူနိုက်တက်က ဒါလော့အတွက် ယူရို ၁၅ သန်းတန်ကြေးသတ်မှတ်ထားပါတယ်။
ယူနိုက်တက်စတား ၂ ဦးအပြင် မော်ရင်ဟိုက နောက်တန်းနေရာအတွက် လိုက်ပ်ဇစ်စတား ဘန်ဂျမင်ဟင်းနရစ်နဲ့ ဆမ်ဒိုးရီးယားနောက်ခံလူ ဘရီဇင်စကီးတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။