ချဲလ်ဆီးရဲ့ အစွန်ခံစစ် ပစ်မှတ်၊ လူကာကူ၊ လော့ဖ်တပ်ချိခ်၊ ပူလီဆစ်နဲ့ ချဲလ်ဆီး သတင်းတိုများ စုစည်းမှု
ချဲလ်ဆီး အသင်းဟာ ဘာစီလိုနာ အစွန်ခံစစ်သမား ဆာဂျီနို ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေးလ် သတင်းက ဆိုပါတယ်။ နူးကမ့်မှာ ဒက်စ် ခြေစွမ်းကို ဝေဖန်မှုတွေ ရှိနေပေမယ့် ကစားသမားကတော့ ဘာစီလိုနာမှာ ဆက် ကစားလိုနေပါတယ်။
ချဲလ်ဆီး ကွင်းလယ်ကစားသမား ရူဘန် လော့ဖ်တပ် ချိခ် ကို ခေါ်ယူဖို့ လာဇီယို အသင်းက စိတ်အား ထက်သန် နေကြောင်း အီတလီ သတင်းတွေက ဖော်ပြလာပါတယ်။ လာဇီယိုနည်းပြဆာရီအနေနဲ့ အသင်းကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဆာဗစ်ရဲ့နေရာမှာ ချဲလ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ လော့တပ်ချပ်စ်နဲ့ အစားထိုးလိုနေတာပါ။

ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်က သူ့အနေနဲ့ အသင်းမှာ သေချာပေါက် ဆက်ရှိပါ့မယ်လို့ အာမခံခဲ့ခြင်း မရှိပါဘူး။ အနာဂတ်နဲ့ ပတ်သက်ပြီး အမေးခံခဲ့ရာမှာတော့ ပူလီဆစ်က သူ့အနေနဲ့ ပွဲထွက်ကစားခွင့် ပိုရလိုပြီး သူ့ရဲ့ လုပ်နိုင်စွမ်းအား ကို ပိုမိုပြသလိုကြောင်း ဆိုခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေခဲ့ ခရစ်ဘန်လေက ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးဘယ်နောက်ခံလူ အလွန်ဆိုကို မခေါ်ယူဖို့ သတိပေးခဲ့ပါတယ်။ အလွန်ဆိုဟာ ဇာဗီရဲ့ နည်းစနစ်ပိုင်းနဲ့ကိုက်ညီသူ မဟုတ်ကြောင်း၊ အလွန်ဆိုအနေနဲ့ သူ့ကို ကာဗာလုပ်ပေးမဲ့ နောက်ခံလူကောင်းတစ်ယောက်ကို လိုအပ်ကြောင်း ခရစ်ဘန်လေက ဆိုခဲ့တာပါ။
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်း လူကာတိုနီက ချဲလ်ဆီးတိုက်စစ်မှူး လူကာကူအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းဟောင်း အင်တာမီလန်ကို ပြန်ဖွယ်ရှိနေတယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

”လူကာကူအနေနဲ့ အင်တာကို ပြန်နိုင်သလားဆိုရင်တော့ ဒါက အင်ဇာဂီအပေါ်မှာ မူတည်နေပါတယ်။ တကယ်လို့ လူကာကူ ကသာ အင်တာကို ပြန်ချင်တယ်ဆိုရင် သူက ကြိုဆိုနေမှာပါ”လို့ လူကာတိုနီက ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး လူငယ်ကြယ်ပွင့် ဂယ်လင်ဟာကတော့ အငှားသွားကစားရာ ပဲလေ့စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ပဲလေ့စ်ပရိသတ်တွေကို နှုတ်ဆက်ကစားဆိုခဲ့ပါတယ်။ ပဲလေ့စ်ရဲ့ အစိတ်အပိုင်းဖြစ်ခွင့်ရပြီး အလွန် အောင်မြင်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာ ဂုဏ်ယူမိကြောင်း၊ အက်ဖ်အေဖလားဆီမီးဖိုင်နယ်အထိ ရောက်ခဲ့တာ အံ့အားသင့်ဖွယ် ကောင်းပြီး နည်းပြဗီအဲရာက သူ့ကိုပိုကောင်းအောင် ကူညီခဲ့ကြောင်းဂယ်လင်ဟာက ဖွင့်ဟခဲ့ပါတယ်။
အင်္ဂလန် ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က ချဲလ်ဆီး အသင်း ပစ်မှတ်ထားနေတဲ့ မန်စီးတီး တိုက်စစ်မှူး စတာလင် အနေနဲ့ အသင်းပြောင်းရွှေ့ခြင်း မပြုဘဲ မန်စီးတီးမှာသာ ဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။ စတာလင်အနေနဲ့ အသင်း ပြောင်းသင့်သလား၊ မန်စီးတီးမှာ ဆက်နေသင့်သလားလို့ အမေးခဲ့ရာမှာ ဒေးဗစ်ဂျိမ်းစ်က “အဖြေက လွယ်ပါတယ်။ မန်စီးတီးမှာပဲ ဆက်နေရမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။