ဂနာဘီအတွက် ပြောဆိုနေတဲ့ လီဗာပူး၊ ဒိုင်ဘာလာ၊ ဘစ်ဆာကာတို့နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ
အင်တာမီလန်ဟာ ဂျူဗင်တပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေပါတယ်။ အင်တာမီလန် ဒု ဥက္ကဋ္ဌ ဇနက်တီအနေနဲ့ ဒိုင်ဘာလာနဲ့လန်ဒန်မှာ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ နာမည်ကျော် သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။
အေဂျက်ဇ်ကွင်းလယ်ကြယ်ပွင့် ခရာဗင်ဘတ်ချ်အနေဲ့ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးပြီ လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ၂၀ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို ပြန်လည်ရောင်းချပါက ခရာဗင်ဘတ်ချ်ကို ပြောင်းရွှေ့ကြေးရဲ့ ၇ ရာခိုင်နှုန်း ပေးချေရမှာပါ။ အပြောင်းအရွှေ့က အပြီးသတ်သွားပြီဖြစ်ပြီး တရားဝင်ကြေညာဖို့ပဲ ကျန်ရှိတော့တာပါ။
နယ်သာလန် နောက်ခံလူ အကီ အနေနဲ့ မန်စီးတီးကနေ ထွက်ခွာနိုင်ဖွယ် ရှိနေပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ၁၀ ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့် ရတဲ့ အသင်းကို ပြောင်းလိုနေတာပါ။ လက်ရှိမှာ အကီကို ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်က စိတ်ဝင်စား နေပါတယ်။

စပါး တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ တီယာနေးရဲ့ ဘယ်နောက်ခံလူနေရာအတွက် ဘရန်ဖို့ဒ် ကြယ်ပွင့် ရီကိုဟင်နရီကို ခေါ်ယူသင့်ကြောင်း၊ တီယာနေးဟာ ခြေစွမ်းကောင်းပေမယ့် ဒဏ်ရာ ရလွန်းနေကြောင်း၊ ဒါကြောင့် ရီကိုဟင်နရီဟာ အာဆင်နယ်မှာ နံပါတ်တစ် ကစားသမားတောင်ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြု တိုက်တွန်း ခဲ့ပါတယ်။
ပဲလေ့စ်အနေနဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဝမ်ဘစ်ဆာကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဝမ် ဘစ်ဆာကာ ဟာ ၂၀၁၉ ခုနှစ်မှာ ပဲလေ့စ်ကနေ မန်ယူကို ပေါင်သန်း ၅၀ နဲ့ ပြောင်းလာခဲ့တာဖြစ်ပြီး နည်းပြသစ် တန်ဟတ်လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာသူပါ။
ချဲလ်ဆီးအနေနဲ့ အမေရိကန်ကြယ်ပွင့်ဂိုးသမား ဂါဘရီရယ်ဆလိုနီနာကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ထို ၁၈ နှစ်အရွယ် ဂိုးသမားကို ရီးရဲမက်ဒရစ်ကလည်း စိတ်ဝင်စားနေပြီးကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။ ဆလိုနီနာ ကိုယ်တိုင် ကတော့ ချဲလ်ဆီးထက်စာရင် ရီးရဲကိုသာ ပိုမိုပြောင်းရွှေ့လိုနေတယ်လို့ သိရပါတယ်။
လီဗာပူးအနေနဲ့ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ် တောင်ပံကစားသမား ဂနာဘရီကို ခေါ်ယူဖို့အတွက် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ။် ဂနာဘရီရဲ့ ပုဂ္ဂိုလ်ရေးတောင်းဆိုမှုတွေကို အဓိကထား ဆွေးနွေးသွားမှာဖြစ်ပြီး လီဗာပူးက မာနေးရဲ့နေရာမှာ ဂနာဘရီနဲ့ အစားထိုးလိုနေတာပါ။