မန်ယူက ထပ်ထွက်မယ့် ၂ဦး၊ နူနက်ဇ်၊ ဒီဂျောင်၊ လင်ဂတ်တို့နဲ့ နောက်ဆုံးရ မန်ယူ အပြောင်းအရွှေ့ သတင်းများ
ပေါ့ဂ်ဘာ၊ မာတာနဲ့ လင်ဂတ်တို့ ထွက်ခွာခဲ့ပြီးနောက် နောက်ခံလူတွေဖြစ်ကြတဲ့ ဘိုင်လီ၊ တွမ်ဇီဘီတို့ဟာ မန်ချက်စတာ ယူနိုက်တက်ကနေ ထပ်မံထွက်ဦးမှာဖြစ်တယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဒါလော့ကတော့ မန်ယူမှာ ဆက်နေမှာဖြစ်ပြီး တန်ဟတ်အနနဲ့ ဝမ်ဘစ်ဆာကာကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
မန်ယူကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဝါရင့်တောင်ပံကစားသမား မာတာအနေနဲ့ မေဂျာလိဂ် ကလပ်တွေဆီကနေ ကမ်းလှမ်းမှု ရရှိထားတယ်လို့ မန်ချက်စတာညနေခင်း သတင်း က ဖော်ပြခဲ့ပါတယ်။ မာတာဟာ မန်ယူအသင်းမှာ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခဲ့တာပါ။
အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ ခမ်းနားတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ကြောင်း၊ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီမှာ စိတ်ပျက်စရာ မဖြစ်ခဲ့တဲ့ တစ်ဦးတည်းသော မန်ယူ ကစားသမား ဖြစ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူ လင်ဂတ်ကို စီးရီးအေလပ် ရိုးမားက ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ မော်ရင်ဟိုဟာ လင်ဂတ်နဲ့ မန်ယူမှာ လက်တွဲခဲ့ဖူးသူဖြစ်ပြီး သူ့ရဲ့ပုံစံကောင်း တစ်ချို့ကို အသုံးချနိုင်ခဲ့ပါတယ်။ လင်ဂတ်ဟာ မန်ယူမှာ နေရာမရပေမဲ့ ဝက်စ်ဟမ်းမှာ အငှားနဲ့ကစားစဉ်က ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟတ်အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်လီဗာပူးကို အလဲထိုးပြီး ဘင်ဖီကာ တိုက်စစ်မှူးနူနက်ဇ်ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ဘင်ဖီကာဟာ နူနက်ဇ်အတွက်ပေါင်သန်း ၁၀၀ အလိုရှိနေပေမဲ့ မန်ယူဟာ ကွင်းလယ်လူပါရဲရားကို အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးချပြီး ပြောင်းရွှေ့ကြေး လျှော့ကျလိုနေတာပါ။

နယ်သာလန်ကွင်းလယ်လူ ဒီဂျောင်ဟာ မန်ယူနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပေမဲ့ သူ့အနေနဲ့ ဘာစီလိုနာမှာသာ ပျော်ရွှင် နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ဘာစီလိုနာမှာ အောင်မြင်မှုရမယ်လို့ ယုံကြည်ပါတယ်။ တလောတုန်းက ဇာဗီနဲ့လည်း စကားပြောခဲ့ပြီး အဆင်ပြေခဲ့ပါတယ်”လို့ ဒီဂျောင်က ဖွင့်ဟခဲ့ပါတယ်။
ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူကစားသမားဟောင်း ပေါလ်ပါကားက လူငယ်ကြယ်ပွင့် ဂျိမ်းစ်ဂါနာ ဟာ ရာသီသစ်မှာ နောက်ထပ်အငှားနဲ့ သွားကစားသင့်သေးတယ် လို့ အကြံပြုလိုက်ပါတယ်။ ဂျိမ်းစ်ဂါနာ အနေနဲ့ ပရီးမီးယားလိဂ် အသင်း တစ်သင်းမှာ အငှားနဲ့ ကစားတာက သူ့ကိုဒီလိဂ်မှာ ကစားခွင့်ရစေမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဂျူဗင်တပ်ဂိုးသမား ဆက်ဇက်နီက မန်ယူကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ကွင်းလယ်လူပေါ့ဂ်ဘာအနေနဲ့ ဂျူဗင်တပ်ကို ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်မှာတုန်းကအံ့အားသင့်ဖွယ်ကေင်းခဲ့ကြောင်း၊ ဒါကြောင့် ပေါ့ဂ်ဘာဟာ အသင်းအတွက် အားဖြည့်မှုကောင်းဖြစ်ကြောင်း၊ သူဟာ တူရင်မှာလည်း အမှတ်တရကောင်းတွေ ပိုင်ဆိုင်ခဲ့ကြောင်း ဆက်ဇက်နီက ဖွင့်ဟခဲ့ပါတယ်။