လူကာကူ ကို အငှားကြေး ပေါင်သန်း ၂ဝ၊ မော်ရင်ညိုကို ချိန်တဲ့ PSG၊ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်မန်ကို ခေါ်ယူရေးအိပ်မက် လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။ နာပိုလီဟာ အိုဆင်မန်အတွက်ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ အလိုရှိနေပြီး အဲဒီအောက်ဈေးလျှော့ပြီး ရောင်းချသွားမှာ မဟုတ်ပါဘူး။ အာဆင်နယ်က အဲဒီပမာဏကို ပေးချေလိုခြင်း မရှိဘဲ ဂျေဇူုးကိုသာ အားစိုက်ကြိုးပမ်းတော့မှာပါ။
လီဗာပူးတိုက်စစ်မှူး မာနေးအနေနဲ့ ဘာကြောင့် လီဗာပူးကနေ ထွက်ခွာချင်ရသလဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ လီဗာပးူအသင်းနဲ့ ပရိသတ်တွေကို လေးစားမှုရှိကြောင်း၊ ဒါပေမဲ့ ဆီနီဂေါ ပရိသတ် ၆၀ – ၇၀ ရာခိုင်နှုန်းလောက်က သူ့ကို လီဗာပူး ကနေ ထွက်ခွာစေချင်ကြကြောင်း၊ သူတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးတော့မှာဖြစ်ကြောင်း မာနေးက ဖွင့်ဟခဲ့ပါတယ်။
အင်တာမီလန်အနေနဲ့ ချဲလ်ဆီးတိုက်စစ်မှူး လူကာကူကို အငှားနဲ့ ပြန်လည်ခေါ်ယူမယ်ဆိုပါက အငှားကြေးတင် ပေါင်သန်း ၂၀ နဲ့ ပေးချေ ရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ လူကာကူဟာ အင်တာမီလန်ကို ပြန်လည်ပြောင်းရွှေ့ လိုနေတာဖြစ်ပေမဲ့ အဲဒီပမာဏက အင်တာအတွက်တော့ ခက်ခဲဖွယ် ရှိနေပါတယ်။

နယူးကာဆယ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒိန်းဟန်ဒါဆန်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ် နေကြောင်း 90min က ဖော်ပြထားပါတယ်။ ၂၅ နှစ်အရွယ် ဂိုးသမားဟာဒီဂီယာရဲ့နောက် အရန်ဂိုးသမားအဖြစ်သာ ကစားခွင့် ရနေခြင်းကို စိတ်ပျက်နေပြီး ပုံမှန်ကစားခွင့်ရမဲ့အသင်းကို ပြောင်းလိုနေတာပါ။ နယူးကာဆယ်အနေနဲ့ ဒိန်းဟန်ဒါဆန်ကို ပေါင်သန်း ၂၀ အောက်နဲ့ ခေါ်နိုင်ဖို့ကြိုးပမ်းနေပါတယ်။
ပီအက်စ်ဂျီဟာ ပိုချက်တီနိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ရိုးမားနည်းပြ မော်ရင်ဟိုကို စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီဟာ လာမဲ့ရက်ပိုင်းအတွင်း ပိုချက်တီနိုကိုထုတ်ပယ်တော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ သူ့နေရာမှာ နာမည်ကျော်နည်းပြ မော်ရင်ဟိုနဲ့ အစားထိုးလိုနေတာပါ။

ရိုးမားတောင်ပံကစားသမား မီခီတာရန်အနေနဲ့ အင်တာမီလန်နဲ့ ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်။ မီခီတာရန်ဟာ ရိုးမားရဲ့စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီးအင်တာမီလန်ကို ပြောင်းရွှေ့တော့မှာပါ။အင်တာအနေနဲ့ မီခီတာရန်ကို ၂ နှစ် စာချုပ် ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ယူရို ၄.၅ သန်း ပေးချေသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ရေးဗားပလိတ်ကနေ ခေါ်ယူထားတဲ့ အယ်ဗာရက်ဇ်ကို အငှားချသွားမှာ မဟုတ်ပါဘူး။ လက်ရှိမှာ အယ်ဗာရက်ဇ် ကို မာဆေးနဲ့ စပိန်ကလပ်တွေက အငှားနဲ့ ခေါ်ယူဖို့ကြိုးပမ်းနေကြပြီး မန်စီးတီးက အငှားနဲ့ ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘဲ ဂွါဒီယိုလာရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
စပါးအသင်းဟာ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူလိုပေမဲ့ လစာငွေ အဆမတန် တောင်းဆိုမှုကြောင့် လက်လျှောခဲ့ရတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်ကနေ ထွက်ခွာမဲ့ဒိုင်ဘာလာဟာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းအထိ တောင်းဆိုခဲ့ပြီး စပါးဘက်က အဲဒီပမာဏကို ပေးချေလိုခြင်း မရှိခဲ့ပါဘူး။