ကွင်းလယ်ပစ်မှတ် ၃ဦး၊ ဆာလီဘာ၊ တာဗာရက်စ်နဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ် သတင်းထောက်တစ်ဦးဖြစ်တဲ့ ချားလက်ဝက်စ်က အာဆင်နယ်အနေနဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ပိုင်းအတွက် ကစားသမား ၃ဦး အဖြစ် တိုင်လေမန့်စ်၊ နီဗက်စ်၊ ဇင်ချန်ကိုတို့ကို ခေါ်နိုင်ဖို့ ကြိုးပမ်းနေပါတယ် လို့ ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒါရင်းဘန့် လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်အနေနဲ့ အာဆင်နယ်ကို ပြောင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ တကယ်လို့ တိုင်လေမန့်စ်အနေနဲ့ လက်စတာကနေ ထွက်ခွာဖို့ဆုံးဖြတ်မယ်ဆိုရင် အာဆင်နယ်ကို ပြောင်းလာသင့်ကြောင်း၊ တိုင်လေမန့်စ်ဟာ အရည်အသွေးရှိတဲ့ ကစားသမားကောင်း ဖြစ်ပြီး အာဆင်နယ်နဲ့ လိုက်ဖက်သူ ဖြစ်ကြောင်း ဒါရင်းဘန့်က ဆိုခဲ့တာပါ။

ဒိန်းမတ်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုနေးရှင်းလိဂ်ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဆာလီဘာအနေနဲ့ ဒုတိယပိုင်းမှာ ဗာရာနီနဲ့ လူစားလဲပြီး ဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ဆာလီဘာဟာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒိန်းမတ်သွင်းယူသွားတဲ့ဂိုးမှာ ဆာလီဘာရဲ့ အားနည်းချက်ကို တွေ့မြင်ခဲ့ပြီး ပရိသတ်တွေက သူ့ရဲ့ခြေစွမ်းကို အားမရဖြစ်ခဲ့ကြတာပါ။

အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ ရုန်းကန်ခဲ့ရတဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်ကို အငှား ချသွားဖို့ စီစဉ် နေပါတယ်။ တာဗာရက်စ်ဟာ ဘင်ဖီကာကနေအာဆင်နယ်ကို ပေါင် ၇.၂ သန်းနဲ့ ရောက်လာခဲ့ပြီး တီယာနေးရဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့သူပါ။ အာဆင်နယ်ဟာ သူ့ကိုပွဲထွက်ခွင့် အတွေ့အကြုံပိုရအောင် အငှားချသွားမှာပါ။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ သူ့အစီအစဉ်ကို ပြန်လည်ပြောင်းလဲဖွယ် ရှိနေပါတယ်။ အစောပိုင်းတုန်းက အာတီတာအနေနဲ့ ကစားသမား ၇ ယောက်လောက်အထိ ခေါ်ယူဖို့ စီစဉ်ထားခဲ့ပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မရတဲ့အနေအထားမှာ ကစားသမား ၃ ယောက်လောက်သာ ခေါ်တော့မှာဖြစ်တယ်လို့ The Sun က ဖော်ပြထားပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ မန်စီးတီးတိုက်စစ်မှူးဂျေဇူးကိုတော့ ခေါ်ယူနိုင်မယ်လို့ ယုံကြည် နေပါတယ်။

ဂျူဗင်တပ်အနေနဲ့ အာဆင်နယ် လူငယ်တိုက်စစ်မှူး မာတင်နယ်လီကို စိတ်ဝင်စားလျက်ရှိနေပြီး အာဆင်နယ်ဘက်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်လိုနေပါတယ်။ ဒါပေမဲ့ အာဆင်နယ်ကတော့ မာတင်နယ်လီ ကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဖွယ် မရှိပါဘူး။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ မန်စီးတီးတိုက်စစ်မှူး ဂျေဇူးကို လက်ရှိ မန်စီးတီးမှာ ရရှိနေတဲ့ လုပ်ခလစာထက် နှစ်ဆပိုပေးပြီး ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဂျေဇူးဟာ လက်ရှိ မန်စီးတီးမှာ တစ်ပတ်လုပ်ခ ပေါင် ၁၁၀၀၀၀ ရရှိနေပြီး အာဆင်နယ်က ပေါင် ၁၉၀၀၀၀ အထိ ပေးချေသွားမှာဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အနေနဲ့ အာဆင်နယ်မှာ ရိုးမားတိုက်စစ်မှူး အေဘရာဟမ်ချ်ကို တွေ့မြင်လိုကြောင်း၊ အေဘရာဟမ်ချ်ဟာ အာဆင်နယ် ပရိသတ်ဖြစ်သလို တိုက်စစ်မှာ ရွေ့လျားကစားနိုင်တဲ့ ကစားသမားမျိုး ဖြစ်ကြောင်း၊ အာဆင်နယ်ဟာ အေဘရာဟမ်ချ်နဲ့ လိုက်ဖက်ကြောင်း တိုက်တွန်းခဲ့ပါတယ်။