မောင့် ပရိသတ် ပေါမာဆင်၊ လူကာကူ ဒဏ်ရာ၊ ကင်ဘတ်ပီ၊ မာနေးနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

၂၀၁၇ ခုနှစ်နောက်ပိုင်း ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ အပြောင်းအရွှေ့မှာ အသားတင်ငွေသုံးမှုစာရင်းမှာ ချဲလ်ဆီးက အဆင့် ၇ နေရာမှာသာ ရပ်တည်နေပါတယ်။

ချဲလ်ဆီးဟာ ဒီကာလအတွင်း လူကာကူ၊ ကိုင်ဟာဗက်ဇ်၊ ကီပါ၊ မိုရာတာ၊ ပူလီဆစ်တို့ကို ဈေးကြီးပေး ခေါ်ခဲ့ပေမဲ့ တစ်ဖက်မှာလည်း ဟာဇက်၊ ကော်စတာ၊ တိုမိုရီ၊ အေဘရာဟမ်တို့ကို ရောင်းချမှုကနေ ပိုက်ဆံပြန်ရခဲ့ပါတယ်။ ဒီကာလအတွင်းအပြောင်းအရွှေ့တွေမှာ ချဲလ်ဆီးရဲ့ အသားတင် အသုံးသတ်စရိတ်က ပေါင် ၂၄၀.၅၆ သန်းရှိခဲ့ပြီး အဆင့် ၇ နေရာမှာသာ ရှိနေတာပါ။

ချဲလ်ဆီးနည်ပြ တူချယ်အနေနဲ့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်ကို အမှန်တကယ် ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ဂျာနယ်လစ် ဒိန်းဂျုံးစ်ရဲ့ ဖော်ပြချက်အရ တူချယ်ဟာ ဒီကလန်ရိုက်ကို တော်တော်လေး သဘောကျနေတယ် လို့ သိရပြီး ပြောင်းရွှေ့ကြေးက ပြဿနာဖြစ်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အနေနဲ့ ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ ကင်ဘတ်ပီကို ခေါ်ယူရေး အားလျော့လာခဲ့ပြီ ဖြစ်ပါတယ်။ ကင်ဘတ်ပီက သူ့အနေနဲ့ ပီအက်စ်ဂျီကို ချစ်မြတ်နိုးမှုရှိကြောင်း၊ ဘုတ်အဖွဲ့နဲ့ပရောဂျက်တွေအကြောင်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့ ထွက်ခွာတဲ့ အနေအထားမှာ နောက်တန်းကို အားဖြည့်လိုနေပြီး တူချယ်က ပီအက်စ်ဂျီမှာ လက်တွဲခဲ့တဲ့ ကင်ဘတ်ပီနဲ့ ပြန်ဆုံလိုနေတာပါ။

လီဗာပူးအနေနဲ့ အသင်းကနေ ထွက်ခွာလိုနေတဲ့ မာနေးရဲ့နေရာမှာ အစားထိုးဖို့အတွက် ချဲလ်ဆီးတိုက်စစ်ကစားသမား ပူလီဆစ်ကို စိတ်ဝင်စား နေပါတယ်။ ပူလီဆစ်ဟာ ချဲလ်ဆီးနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ရှိပေမဲ့ လက်ရှိချဲလ်ဆီးမှာ ပွဲကစားခွင့်နည်းပါးနေတဲ့ အခြေအနေကို မပျော်မရွှင် ဖြစ်နေတာပါ။

ဘယ်ဂျီယံနည်းပြ မာတီနက်ဇ်က နယ်သာလန်နဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့တိုက်စ်မူှး လူကာကူရဲ့ ဒဏ်ရာအခြေအနေက ကောင်းမွန်ခြင်း မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ “ကြည့်ရတာတော့ အခြေအနေက မကောင်းပါဘူး။ သူ့ခြေချင်းဝတ် လည်သွားခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့ MRI စကန်အတွက် ၄၈ နာရီစောင့်ဖို့ လိုပါတယ်။ သူ့အနေနဲ့ လာမဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်မယ်ဆိုရင် ကျွန်တော် အံ့အားသင့်မိမှာပါ”လို့ မာတီနက်ဇ်ကဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချပ်စ်ကို အင်တာမီလန်က ခေါ်ယူဖို့ အခွင့်အရေးရှိနေကြောင်း Gazzetta dello Sport က ဖော်ပြထားပါတယ။် ချဲလ်ဆီးဟာ လော့တပ်ချပ်စ်ကို ရောင်းချလိုနေပြီးသူ့အတွက် ယူရိုသန်း ၂၀ အလိုရှိနေပါတယ်။ အင်တာအနေနဲ့ လော့တပ်ချပ်စ်ကို အငှားနဲ့ခေါ်ယူလိုနေပြီး စီးရီးအေပြိုင်ဘက် လာဇီယိုနဲ့ပြိုင်ခေါ်ရမှာပါ။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က ချဲလ်ဆီးကွင်းလယ်လူ မစ်ဆန်မောင့်ကို ချီးကျူးခဲ့ပါတယ။် “ကျွန်တော်က မစ်ဆန်မောင့်ရဲ့ အမာခံပရိသတ်ပါ။ သူဟာ တစ်ရာသီလုံး တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာပါ”လို့ ပေါလ်မာဆင်က ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးလူငယ်တိုက်စစ်မူှး ဘရိုဂျာကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းလည်း ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းနည်းပြ မိုယက်စ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းလိုနေပြီး ဘရိုဂျာကို ပစ်မှတ်ထားနေတာပါ။