အသင်းခေါင်းဆောင် မဲပေးရွေးခြင်း၊ ဒီဂျောင်၊ နူနက်ဇ်၊ ပေါ့ဘာတို့နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ
မန်ယူနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဝါရင့်ကစားသမားကြီးမာတာဟာ ပရီးမီးယားလိဂ်မှာပဲ ဆက်လက်ကစားဖို့ စိတ်ဝင်စားနေပါတယ်။ မာတာကို မေဂျာလိဂ်ကလပ်တွေက ကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။ မာတာကတော့ ပုံမှန်ကစားခွင့်ရတဲ့အသင်းကို ပြောင်းလိုနေပြီး ပရီးမီးယားလိဂ်ကနေ ထွက်ခွာလိုခြင်း မရှိသေးပါဘူး။
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကီဗင်ကမ်းဘဲက နောက်ခံလူ ဘိုင်လီအနေနဲ့ မန်ယူကနေထွက်ခွာဖို့ မျှော်လင့်ကြောင်း၊ တန်ဟတ် အနေနဲ့ မက်ဂွဲရား၊ ဗာရာနီတို့ကိုသာ ဦးစားပေး အသုံးပြုမှာဖြစ်ပြီးဘိုင်လီအနေနဲ့ နေရာရဖို့ ခဲယဉ်းကြောင်း၊ မန်ယူမှာ နေရာလု တိုက်ပွဲတွေက ပြင်းထန်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဂျူဗင်တပ်အနေနဲ့ မန်ယူနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ ကွင်းလယ်လူပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ဖို့ လုပ်ဆောင် နေဆဲဖြစ်ပါတယ်။ ဂျူဗင်တပ်အနေနဲ့ ပေါ့ဂ်ဘာကို အမြန်ဆုံး စာချုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေပြီး တစ်ရာသီလုပ်ခ ယူရို ၈ သန်း အပါအဝင် အပိုဆုကြေးတွေလည်း ပေးချေသွားမှာဖြစ်တယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဥရောပမှာ အပြောင်းအရွှေ့ဈေးကွက်မှာ အသားတင် ငွေသုံးအများဆုံးအဖြစ် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ နောက်ဆံးု ၆နှစ်အတွင်း အပြောင်းအရွှေ့တွေမှာ အသားတင် ပေါင် ၄၇၉.၀၄ သန်းသုံးစွဲထားပါတယ်။ မန်ယူဟာ ဝမ်ဘစ်ဆာကာ၊ လူကာကူ၊ ဖရက်ဒ်၊ မက်ဂွဲရား၊ ဆန်ချို အစရှိတဲ့ ကစားမားတွေကို ကြေးကြီးပေးပြီး ခေါ်ခဲ့ရတာဖြစ်ပါတယ်။
မန်ယူနည်းပြသစ် တန်ဟတ်အနေနဲ့ အသင်းခေါင်းဆောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီးကစားသမားတွေကို မဲပေး ရွေးချယ်ခွင့်ပြုသွားမှာလို့သိရပါတယ်။ မန်ယူကစားသမားတွေက မက်ဂွဲရား၊ စီရော်နယ်ဒိုထက် ဂိုးသမားဒီဂီယာကိုသာ အသင်းခေါင်းဆောင်ဖြစ်လိုနေတယ်လို့ The Sun က ဖော်ပြထားပါတယ်။

လီဗာပူး ကစားသမားဟောင်း အင်းနရစ်က ဘင်ဖီကာတိုက်စစ်မူှး ဒါဝင်နူနက်ဇ်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို မပြောင်းရွှေ့ဖို့ မျှော်လင့်ကြောင်း၊ နူနက်ဇ်အနေနဲ့ မန်ယူထက် စာရင် လီဗာပူးကိုသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် ဟာ ဒီဂျောင်အတွက် ဘာစီလိုနာနဲ့သဘောတူညီမှု ရဖို့နီးစပ်နေပြီလို့သိရပါတယ်။ မန်ယူဟာ ဒီဂျောင်အတွက် ပေါင်သန်း ၇၀ ပေးချေမှာဖြစ်ပြီး ဒီပမာဏကို ဘာစီဘက်က လက်ခံဖွယ်ရှိနေပါတယ်။ ဒါပေမဲ့ ဒီဂျောင်ကိုယ်တိုင်က မန်ယူကို မပြောင်းချင်ဘဲ မန်ယူအနေနဲ့ ဒီဂျောင်ကိုဆက်ပြီး စည်းရုံးရဦးမှာပါ။