တန်ကြေးအမြင့်ဆုံး ဆာကာ၊ လစာ အမြင့်တောင်းနေတဲ့ ဒိုင်ဘာလာနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်နည်းပြ အာတီတာက မန်စီးတီး ကစားသမား ဇင်ချန်ကိုခေါ်ယူရာမှာ ကွင်းလယ်လူအဖြစ် အသုံးပြုမယ်လို့ ကတိပေးပြီး စည်းရုံးထားပါတယ်။ ဇင်ချန်ကိုအနေနဲ့ မန်စီးတီးမှာ ဘယ်နောက်ခံလူနေရာမှာ ကစားနေရတာဖြစ်ပြီး အာတီတာက သူ့ကို ကွင်းလယ်မှာ အသုံးပြုလိုနေတာပါ။ လက်ရှိမှာ ဇင်ချန်ကိုကို ခေါ်ယူဖို့ ဝက်စ်ဟမ်းကလည်း ကြိုးပမ်းလာတာ တွေ့ရပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ် တိုက်စစ်မူှး ဒိုင်ဘာလာ က မြင့်မားတဲ့လုပ်ခလစာ အဖြစ် တစ်ပတ်လုပ်ခ ပေါင် ၂ သိန်း ၈ သောင်းအထိ ရယူလို နေပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ဂျူဗင်တပ်ကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ထွက်ခွာမှာဖြစ်ပြီး သူ့ကို အာဆင်နယ်ကလည်း ပစ်မှတ်ထားနေတာပါ။

ကစားသမားတွေရဲ့ဈေးကွက်တန်ကြေးကို စာရင်းပြုစုလေ့ရှိတဲ့ CIES ရဲ့ နောက်ဆုံး ဖော်ပြချက်အရ အာဆင်နယ်မှာ ဈေးကွက် တန်ကြေး အမြင့်ဆုံး ကစားသမားအဖြစ် လူငယ်ကြယ်ပွင့် ဆာကာက ရပ်တည်နေပါတယ်။

ဆာကာရဲ့ တန်ကြေးက ပေါင် ၈၅.၁ သန်းရှိနေပြီး သူရဲ့ နောက်မှာတော့ စမစ်ရို့စ် က ပေါင် ၅၃.၁ သန်း၊ အိုဒီဂတ်က ပေါင် ၄၉.၃ သန်း၊ ရမ်ဒေးစ်က ပေါင် ၄၃.၇ သန်း တွေနဲ့ အစဉ်လိုက် ရပ်တည်နေပါတယ်။

ဆက်ဆူအိုလို စီအီးအို ကာနယ်ဗယ်လီက သူ့တု့ိရဲ့တိုက်စစ်မူှး ဆကာမတ်ကာကို အာဆင်နယ်က စိတ်ဝင်စားနေတယ် လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်ဟာ ဆကာမတ်ကာအတွက် ခေါ်ယူဖို့ နှစ်ကြိမ်တိုင် ကမ်းလှမ်းမှု ပြုလုပ်ထားပါတယ်။

ရိုးမားနည်းပြမော်ရင်ဟိုအနေနဲ့ အာဆင်နယ်ညာနောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ အာဆင်နယ်ဟာ ဘယ်လာရင်ကို ရောင်းချုလိုနေပြီး သူ့အတွက် ပေါင် ၁၈ သန်းရယူလိုနေတာပါ။ ဘယ်လာရင်ကို ဘက်တစ်ကလည်း ခေါ်ယူလိုပေမဲ့ စာချုပ်ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်ယူလိုနေတာပါ။

အာဆင်နယ်အနေနဲ့ ရိုးမားတိုက်စစ်မူှး အေဘရာဟမ်ချ်ကို စိတ်ဝင်စားနေဆဲဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက် ရွိုင်ယန်တေလာက ဖွင်ဟခဲ့ပါတယ်။ အေဘရာဟမ်ချ်ဟာအာဆင်နယ်ရဲ့ အဓိကပစ်မှတ်တွေထဲက တစ်ဦးဖြစ်ကြောင်း၊ ဒါပေမဲ့ အာဆင်နယ်အနေနဲ့ အေဘရာဟမ်ချ်အတွက် ဈေးပေါပေါနဲ့ ရမှာမဟုတ်ဘူးလို့ တေလာက ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်ကစားသမား ဂနာဘရီကိုခေါ်ယူဖို့အတွက် အားသာချက် ရှိလာခဲ့ပါပြီ။ လက်ရှိမှာ ဂနာဘရီကို ရီးရဲကခေါ်ဖို့ လက်လျှော့လိုက်ပြီဖြစ်ပြီးအာဆင်နယ်အနေနဲ့ ပြိုင်ဘက်တစ်သင်း လျှော့သွားခဲ့ရတဲ့ အနေအထားပါ။ ဘိုင်ယန်နဲ့ စာချုပ်တစ်နှစ်သာ ကျန်တော့တဲ့ ဂနာဘရီအနေနဲ့ နွေရာသီမှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။