ဗန်ပါစီရဲ့ ဆင်ခြေ၊ နူနက်ဇ်၊ ပေါ့ဘာ၊ တင်ဘာ၊ ဒီဂီယာတို့နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းများ

နယ်သာလန်နည်းပြ ဗန်ဂါးလ်က မန်ချက်စတာယူနိုက်တက်ကိုပြောင်းဖို့ တွေဝေမှုတွေ ရှိနေတဲ့ အေဂျက်ဇ် နောက်ခံလူ တင်ဘာကို အားပေးစကားဆိုခဲ့ပါတယ်။ တင်ဘာဟာ လက်ရှိအချိန်မှာ မန်ယူမှာ ကစားခွင့်ရဖို့ လုံလောက်မှု ရှိနေပြီဖြစ်ကြောင်း၊ တင်ဘာအနေနဲ့ နောက်တစ်ဆင့်တက်မယ်ဆိုရင်လည်း ပြဿနာမရှိကြောင်း ဗန်ဂါးလ်က ဆိုခဲ့ပါတယ်။

စပါးဂိုးသမားဟောင်း ရော်ဘတ်ဆန်က ဒီဂီယာကို စပိန်ကနေ ဖယ်ထုတ်ထားတဲ့ နည်းပြအင်းနရစ်ကို ပြစ်တင်ခဲ့ပါတယ်။ ဒီဂီယာရဲ့ ဘောလုံးဖြန့်ဝေမှုတွေက ဆိုးရွားတယ်လို့ မထင်မိကြောင်း၊ ဒီဂီယာဟာအကောင်းဆုံးထဲကတစ်ယောက် မဟုတ်ပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း တိုးတက်လာကြောင်း၊ ပြီးခဲ့တဲ့ရာသီမှာလည်း ဒီဂီယာက ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ကြောင်း ရော်ဘတ်ဆန်က မှတ်ချက်ပြုခဲ့ပါတယ်။

ရီးရဲနောက်ခံလူ အလာဘာက မန်ယူနည်းပြဟောင်း ရန်နစ်ကို ချီးကျူးမှု ပြုလုပ်ခဲ့ပါတယ်။ ရန်နစ်ဟာ လက်ရှိ သြစတြီးယားကို ကိုင်တွယ်လျက်ရှိနေတာပါ။ ‘သူက နည်းပြကောင်းတစ်ဦးပါ။ သူ့အစီအစဉ်တွေကကျွန်တော်တို့အတွက် အလုပ်ဖြစ်နေတာကို ခင်ဗျားတု့ိလည်း မြင်နိုင်ပါတယ်။ ရန်နစ်က ပြိုင်ဘက်က အသက်ရှူခွင့်တောင် ပေးချင်သူမျိုး မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်ပါတယ်”လို့ သြစတြီးယားလက်ရွေးစင် အလာဘာက ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အင်တာနောက်ခံလူ ဒန်ဖရိုင်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၆ နှစ်အရွယ် ကစားသမားဟာ ဆန်စီရိုမှာ ၂၀၂၅ ခုနှစ်အထိ စာချုပ်ရှိနေပေမဲ့ အင်တာဘက်ကသူ့အတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာပါ။ မန်ယူအနေနဲ့ ဒန်ဖရိုင်းစ်ကို ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့မှုက ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာတိုက်စစ်မူှး ဒါဝင်နူနက်ဇ်ကို ခေါ်နိုင်ဖွယ် မရှိကြောင်း တယ်လီဂရပ်က ဖော်ပြထားပါတယ်။ ဥရုဂွေးတိုက်စစ်မူှး ကို လီဗာပူးက ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းတယ် သတင်းထွက်နေပြီး ကစားသမားကလည်း ချန်ပီယံလိဂ် ကစားရတဲ့ အသင်းကို ရွေးလိုနေတာပါ။

လိဒ်စ်ယူနိုက်တက် ကစားသမားဟောင်း ဝီလန်က ဘရန်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်အနေနဲ့ မန်ယူကို မပြောင်းဖို့ သတိပေးတိုက်တွန်းခဲ့ပါတယ်။ ဘရန်ဖု့ိဒ်ဟာ အဲရစ်ဆင်ကို ယုံကြည်မှု ပေးခဲ့တဲ့အသင်းဖြစ်ကြောင်း၊အဲရ့စ်ဆင်အနေနဲ့ မန်ယူကို ပြောင်းရွှေ့ပါက ပွဲကစားခွင့် လုံလောက်စွာ ရရှိမှာမဟုတ်ကြောင်း ဝီလန်က ဆိုခဲ့တာပါ။

မန်ယူနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာကတော့ သူ့အနေနဲ့ နောက်ကစားမဲ့အသင်းမှာ အချစ်ခံလိုပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်လိုကြောင်း၊ ဘောလုံးမှာပွဲစဉ်တွေ ရှုံးနိမ့်တာမျိုး၊ ဆုဖလားလက်လွှတ်ရတာမျိုး ဖြစ်တတ်ကြောင်း၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ပြီး ကျေနပ်နေဖို့က အဓိကကျကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ဗန်ပါစီဟာ သူ့အနေနဲ့ သားနဲ့သမီးကို ပိုပြီးအာရုံစိုက်ချင်တဲ့အတွက် တန်ဟတ်ရဲ့ မန်ယူ နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဗန်ပါစီရဲ့သားဟာ လက်ရှိဖီယင်နော့ အကယ်ဒမီမှာ ကစားနေပြီး သမီးကလည်း မြင်းစီးအားကစားသမား တစ်ဦး ဖြစ်ပါတယ်။