လက်နှေးနေတဲ့ အာဆင်နယ်၊ ဇီဒန်းကို စောင့်တဲ့ ပေါ့ဘာ၊ နူနက်ဇ်ကို မန်ယူလက်လျှော့ခြင်းနဲ့ ယနေ့ အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာယူနိုက်တက် က ဘင်ဖီကာတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရေး လက်လျှော့လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ နူနက်ဇ်ကို လီဗာပူးနဲ့ ပြိုင်ခေါ်ရင် ပြောင်းရွှေ့ကြေး အဆမတန် ပေးရမဲ့ အခြေအနေကို ရင်ဆိုင်လိုခြင်း မရှိတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကတော့ အသင်း နောက်ခံလူ ခရစ်တီယန်ဆန် တစ်ယောက် အသင်းမှ ထွက်ခွါတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာ သွားခဲ့ပါတယ်။
အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်အတွင်း လေးလံနှေးကွေးနေတဲ့ အသင်း တာဝန်ရှိသူတွေအပေါ် ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လူငယ်ကြယ်ပွင့် ဂါဗီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။ ဂါဗီ က တခြား ဥရောပ ထိပ်သီးအသင်းတွေဆီကနေ ကမ်းလှမ်းမှုရရှိထားပေမဲ့ ဘာစီလိုနာနဲ့ပဲ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ နီးစပ်နေပါတယ်။
ချဲလ်ဆီးအနေနဲ့ နောက်ခံလူ ရီစီဂျိမ်းစ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းသေးခြင်း မရှိသေးကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ ၂၂ နှစ်အရွယ် အင်္ဂလန်နောက်ခံလူကို ခေါ်ဖို့ ရီးရဲမက်ဒရစ်နဲ့ မန်စီးတီးတို့က စောင့်ကြည့်နေတာပါ။ ရီစီဂျိမ်းစ်ရဲ့စာချုပ်ဟာ ၃ နှစ်ကျန်ရှိနေသေးပြီး ချဲလ်ဆီးမှာပဲ ဆက်နေဖို့ ရှိနေပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ပေါ့ဂ်ဘာအနေနဲ့ တကယ်လို့ ဇီဒန်းသာ ပီအက်စ်ဂျီနည်းပြ ဖြစ်လာခဲ့ရင် ပြင်သစ်ကလပ်ထံကို ပြောင်းဖွယ်ရှိနေပါတယ်။ ဇီဒန်းဟာ ပေါ့ဂ်ဘာကို သဘောကျသူဖြစ်ပြီး ရီးရဲနည်းပြဘဝကတည်းက ခေါ်ယူဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၅ နှစ်အရွယ် ဘရာဇီး ကစားသမားရဲ့စာချုပ်သက်တမ်းဟာ ၂ နှစ်သာ ကျန်ရှိတော့ပြီးနွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေတာပါ။ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ကြံရွယ်နေပြီး ရာဖင်ဟာကို ပစ်မှတ်ထားလာခဲ့တာပါ။
ဂီတာဖေးဥက္ကဋ္ဌအန်ဂျယ်တောရက်စ်ရဲ့ ဘေးလ်ရဲ့ အေးဂျင့်က သူ့ကိုဆက်သွယ်လာခဲ့တယ်ဆိုတဲ့ ပြောဆိုချက်ကို ဘေးလ်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော့်အနေနဲ့ ဂီတာဖေးကို ပြောင်းမှာ မဟုတ်ပါဘူး။ ဒါတော့ သေချာပါတယ်”လို့ ဘေးလ်က ဆိုခဲ့တာပါ။
ဘရာဇီးဝါရင့် နောက်ခံလူ မာဆယ်လိုအနေနဲ့ ရီးရဲမက်ဒရစ်ကနေ ထွက်ခွာပြီး နယ်မြေသစ် စွန့်စားခန်း ဖွင့်ရမှာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ မာဆယ်လိုကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်း မရှိတော့ တာပါ။ မာဆယ်လိုကို ကာတာ၊ ယူအေအီးအသင်းတွေက ကမ်းလှမ်းထားခဲ့ပြီး မာဆယ်လိုကတော့ တူရကီကို ပြောင်းရွှေ့လိုနေတယ် လို့ သိရပါတယ်။