ရစ်ချာလီဆန်၊ ဇင်ချန်ကို၊ ဂျေးဆုတို့နဲ့ မရေရာ ဖြစ်နေဆဲ အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ သတင်းများ စုစည်းမှု

အပြောင်းအရွှေ့တွေ ထွက်ပေါ်လျက်ရှိနေတဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာက သူ့အနေနဲ့ လာမဲ့ရာသီ အမ်းမရိတ်စ်မှာပဲ ဆက်ရှိနေမဲ့အကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ နောက်ထပ် လိုင်လီကစားသမားတစ်ဦးဖြစ်တဲ့ ဘို့မန်းကိုခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီဖြစ်တယ်လို့ အီတလီ သတင်းတွေက ဖော်ပြထားပါတယ်။ အသက် ၂၂နှစ်အရွယ် နောက်ခံလူကို နယူးကာဆယ်နဲ့ အေစီတို့က အဓိက အပြိုင်ကြိုးပမ်းနေတာဖြစ်ပြီး အာဆင်နယ်က လိုင်လီနဲ့ ဆက်ဆံရေးကောင်းရှိမှုကို အသုံးချကာ ဘို့မန်းကို ခေါ်လိုနေတာပါ။

အာဆင်နယ် ကစားသမားဟောင်း ချာလီ နီကိုလက်စ်က အာဆင်နယ်အနေနဲ့ မန်စီးတီး တိုက်စစ်မှူး ဂျေးဆုကို အရ ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘရာဇီးသား ဟာ အာဆင်နယ်အတွက် ပရီးမီးယားလိဂ်မှာ အနည်းဆုံးဂိုး ၂၀ လောက် သွင်းပေးနိုင်မဲ့သူဖြစ်ကြောင်း နီကိုလက်စ်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဘုတ်အဖွဲ့ရဲ့လုပ်ဆောင်ချက်ကို ဒေါသထွက်နေပြီဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းက ဖော်ပြထားပါတယ်။ အဓိကပစ်မှတ် မန်စီးတီးတိုက်စစ်မှူး ဂျေးဆုကို ခေါ်ယူနိုင်ခြင်းမရှိသေးတဲ့ ဘုတ်အဖွဲ့ရဲ့ လုပ်ရပ်ကို အာတီတာ စိတ်ပျက်ဒေါသထွက်နေကာ ဂျေးဆုကို မခေါ်နိုင်မှာလည်း စိုးရိမ်နေပါတယ်။

မာဆေးအသင်းဟာ ပြီးခဲ့တဲ့ရာသီ အငှားခေါ်ခဲ့တဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာကို ပြန်ခေါ်နိုင်တဲ့ အခွင့်အရေး ရှိနေသေးကြောင်း သိရပါတယ်။

ဆာလီဘာဟာ သူ့အနေနဲ့ အာဆင်နယ်ကို ပြန်လာမှာဖြစ်ကြောင်း ပြောဆိုခဲ့ပေမဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြင်သစ် အသင်းမှာ ပါဝင်နိုင်ဖို့အရေး အာဆင်နယ်မှာ ပွဲကစားခွင့် လုံလောက်စွာ မရမှာ စိုးရိမ်နေပါတယ်။ အာဆင်နယ်က တော့ ဆာလီဘာကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ စီစဉ်နေပါတယ်။

ဘရာဇီး ဂန္ထဝင်ဟောင်း ရီဗယ်ဒိုကတော့ အဲဗာတန်တိုက်စစ်မှူး ရီချာလီဆန်အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ ရီချာလီဆန် အာဆင်နယ်ကို ပြောင်းရွှေ့ရင် ပုံမှန် ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်မှာ ဖြစ်ကြောင်း၊ ဒါက သူ့အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးမှာ ရွေးချယ်ခံရဖို့ အားသာချက်ဖြစ်ကြောင်း ရီဗယ်ဒိုက ဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော်တင်ဟမ်ဖောရက်စ်ဟာ အာဆင်နယ်ရဲ့ အမေ့ခံ ကစားသမား မစ်လန်းနိုင်းလ် ကို ခေါ်ယူလိုနေပါတယ်။ နော်တင်ဟမ်ဖော်ရက်စ်နည်းပြအနေနဲ့ မစ်လန်းနိုင်းလ်ဟာအသင်းအတွက် ပြည့်စုံတဲ့ အားဖြည့်မှုလို့ မှတ်ယူနေပြီး အဓိက ပစ်မှတ်ထားနေတာပါ။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီး ကစားသမား ဇင်ချန်ကိုရဲ့အနာဂတ်က မတင်မကျ ဖြစ်နေပါတယ်။ ဇင်ချန်ကိုဟာ အနာဂတ်နဲ့ ပတ်သက်ပြီး မန်စီးတီးနဲ့ ဆွေးနွေးမှု အရင်ဆုံး ပြုလုပ်သွားမှာ ဖြစ်ပြီး အဆင်ပြေရင် စီးတီးနဲ့ စာချုပ်သက်တမ်းတိုးမြှင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။