လီဗာပူးနဲ့ ဘင်ဖီကာ တို့ရဲ့ ဒါဝင်နူးနက်ဇ် အပြောင်းအရွှေ့မှာ ကြားထဲက အမြတ်ထွက်ခဲ့တဲ့ ကလပ်အသင်း
လီဗာပူးအသင်းဟာ ဘင်ဖီကာရဲ့ ဥရုဂွေးလူငယ်တိုက်စစ်မှူးလေး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်တွေက အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။
လီဗာပူးဟာ ဒါဝင်နူးနက်ဇ်ကို ၆ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေးပေါင် ၆၄ သန်းအပြင် ထပ်တိုး ဆုကြေးပေါင်၂၁ သန်းထိပါဝင်တာကြောင့် သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၈၅ သန်းထိ ဖြစ်လာစရာရှိပါတယ်။
ဒါကြောင့် ဒါဝင်နူးနက်ဇ်ဟာ လီဗာပူးသမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်လာခဲ့ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါလူငယ်တိုက်စစ်မှူးလေးကို ဥရောပထိပ်တန်းကလပ်အသင်း အတော်များများက ချိတ်ဆက် နေခဲ့တာဖြစ်ပြီး လီဗာပူးကတော့ အားလုံးထက် လက်ဦးမှုရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးက လူငယ်တိုက်စစ်မှူးကောင်းတစ်ယောက်ကို ရရှိခဲ့ပြီဖြစ်သလို ဘင်ဖီကာကလည်း ပြောင်းရွှေ့ကြေး ထိုက်ထိုက်တန်တန် ရရှိခဲ့တာကြောင့် ဒါဟာ နှစ်ဦးနှစ်ဖက် အမြတ်ထွက်ခဲ့တဲ့ အပြောင်းအရွှေ့လို့လည်း ဆိုနိုင်ပါတယ်။
နောက်ထပ် အမြတ်ထွက်ခဲ့တာကတော့ နူးနက်ဇ်ရဲ့အသင်းဟောင်း အယ်လ်မာရီယာပါပဲ။ ပြောင်းရွှေ့ကြေးရဲ့ ၂၀% လောက်ကို အယ်လ်မာရီယာအသင်းက ရရှိဦးမှာလည်း ဖြစ်ပါတယ်။ ဘင်ဖီကာအသင်းဟာ ၂၀၂၀ ခုနှစ်မှာ ဒါဝင်နူးနက်ဇ်ကို အယ်လ်မာရီယာကနေ ပြောင်းရွှေ့ကြေးယူရို ၂၂ သန်း (ပေါင် ၁၉ သန်း) ဝန်းကျင်နဲ့ ခေါ်ယူခဲ့တာပါ။
အခုဆိုရင် ဒါဝင်နူးနက်ဇ်အတွက် နှစ်သင်းကြားညှိနှိုင်းမှုတွေ အားလုံးပြီးပြတ်ပြီး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တာကြောင့် ဆေးစစ်တာအပါအဝင် တခြားလုပ်ရိုးလုပ်စဉ်ကိစ္စတွေလောက်ပဲ ကျန်တော့တဲ့သဘောဖြစ်ပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ ဒီရာသီ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ၄၁ပွဲမှာ ၃၄ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးထားခဲ့သူလည်းဖြစ်ပါတယ်။ လီဗာပူးမှာ ဆာလာအပြင် နောက်ထပ် ဂိုးသွင်းစက်တစ်လုံး ရလိုက်ပြီလို့ပြောရင်လည်း မမှားပါဘူး။
အခုဆိုရင် ဒါဝင်နူးနက်ဇ်နဲ့ပတ်သက်တဲ့ကိစ္စတွေ အားလုံးနီးပါးပြီးပြတ်သွားခဲ့ပြီဖြစ်တာကြောင့် လီဗာပူးဟာ အသက် ၁၈နှစ်အရွယ် ညာနောက်ခံလူ ကယ်လ်ဗင်ရမ်ဆေးကို ဆက်လက်ကြိုးစားလျက်ရှိနေတယ်လို့ သိရပါတယ်။
အဘာဒင်းရဲ့ ဆယ်ကျော်သက် နောက်ခံလူကိုတော့ အာနိုးလ်နေရာအတွက် အရန်အဖြစ်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။ အဘာဒင်း ကတော့ အဆိုပါကစားသမားအတွက် ပေါင်၉သန်းထိအလိုရှိနေပြီး ဒီအပြောင်းအရွှေ့ဟာလည်း မကြာခင် ဖြစ်မြောက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။