လူကာကူ ကိစ္စ ထုတ်ပြောတဲ့ အင်တာ၊ ခြေစွမ်းကျသွားသူများ၊ ပစ်မှတ် ဂိုးသမားနဲ့ ချဲလ်ဆီး သတင်းတိုများ
ပရီးမီးယားလိဂ်ပွဲစဉ်ဇယားတွေကို ထုတ်ပြန်ရေးဆွဲအပြီးမှာ စူပါကွန်ပျူတာက ရာသီသစ်ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ ၂၀၂၂-၂၃ ရာသီရာ အဆင့် ၃ နေရာမှာပဲဆက်လက်ရပ်တည်မယ်လို့ စူပါကွန်ပျူတာ က ခန့်မှန်းခဲ့တာပါ။ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။
မန်ယူကစားသမားဟောင်း ချက်ဝစ်ကတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာရင် ချဲလ်ဆီးကို ကိုင်တွယ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အင်တာမီလန်စီအီးအို အန်တိုနယ်လိုက ချဲလ်ဆီးတိုက်စစ်မှူး လူကာကူ ဟာ အင်တာမီလန်ကို ပြောင်းရွှေ့လို နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ လူကာကူရဲ့ အပြောင်းအရွှေ့မှာ စီးပွားရေးနဲ့ နည်းစနစ်ပိုင်းတချို့ကို ဖြေရှင်းရမှာဖြစ်ကြောင်း၊ သူတို့အနေနဲ့ လူကာကူရဲ့ အပြောင်းအရွှေ့အတွက် မှန်ကန်စွာ ချဉ်းကပ်နေကြောင်း အင်တာ စီအီးအိုက ဆိုခဲ့ပါတယ်။

အယ်ဘေးနီးယားဂိုးသမား Strakosha က ချဲလ်ဆီးလို ထိပ်တန်းအသင်းကြီးတစ်သင်းက သူ့ကို ချိတ်ဆက်နေတယ် ဆိုတာ ဂုဏ်ယူစရာကောင်းကြောင်း၊ သူ့အနေနဲ့ ငယ်စဉ်ကတည်းကပရီးမီးယားလိဂ်မှာ ကစားဖို့ အိပ်မက်မက်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ချဲလ်ဆီးအနေနဲ့ အရန်ဂိုးသမားနေရာအတွက် လာဇီယိုကနေ အလွတ်နဲ့ ထွက်ခွင့်ရထားတဲ့ ၂၇ နှစ်အရွယ် ဂိုးသမားကို ပစ်မှတ်ထားနေတာပါ။
ဂျူဗင်တပ်ဟာ ချဲလ်ဆီးကွင်းလယ်လူကို ဂျောင်ဂျင်ဟိုနဲ့ သူတို့ရဲ့နောက်ခံလူ ဒါမီရယ်ကို အလဲအထပ်ပြုလုပ်ဖို့ ကြိုးပမ်း နေပါတယ်။ ဂျူဗင်တပ်အနေနဲ့ နောက်ခံလူ ဒါမီရယ်ကိုရောင်းထုတ်လိုနေရာ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူရာမှာ အသုံးချသွားဖွယ် ရှိနေပါတယ် ။ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ နောက်တန်းကို အဓိက အားဖြည့်လိုနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁-၂၂ ရာသီအတွင်း ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်း ကျဆင်းသွားတဲ့ ကစားသမားတွေ စာရင်းကို SPORTSKEEDA က ဖော်ပြခဲ့ပါတယ်။ ဂိုးသမားမန်ဒီ၊ ကွင်းလယ်လူ ကန်တီ၊ တိုက်စစ်မှူးဝါနာနဲ့ လူကာကူ တို့ဟာ ချဲလ်ဆီးမှာ ခြေစွမ်းပိုင် အကျဆင်းသွားဆုံး ကစားသမားတွေဖြစ်တယ်လို့ ဖောြ်ပထားတာပါ။

ချဲလ်ဆီးတိုက်စစ်မှူး တီမိုဝါနာက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးအနေနဲ့ တကယ်လို့ လူကာကူသာ အသင်းပြောင်းရွှေ့ခဲ့ရင် သူ့နေရာကို ဖြည့်တင်းဖို့ ကစားသမား ၄ ဦးကို ပစ်မှတ်ထားနေပါတယ်။ ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ကစားသမားတွေကမန်စီးတီးတိုက်စစ်မှူးတွေဖြစ်ကြတဲ့ စတာလင်နဲ့ ဂျေဇူး၊ လိုက်ပဇစ် တိုက်စစ်ကစားသမား အန်ကွန်ကူနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီတို့ ဖြစ်ကြပါတယ်။