ဒီနွေ တတိယမြောက် ခေါ်ယူမှု၊ တာဗာရက်စ်၊ မိုရာတာ၊ တိုင်လီမန့်စ်တို့နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းဟာ ဒီနွေ တတိယ မြောက် ခေါ်ယူမှု အဖြစ် ပေါ်တို အသင်းမှ ကွင်းလယ်သမား ဗီအဲရာ ကို ယူရို သန်း ၄ဝ နဲ့ ခေါ်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။

အတ္တလန္တာ အသင်းဟာ အာဆင်နယ်နောက်ခံလူ တာဗာရက်စ်ကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီပဲ ဖြစ်ပါတယ်။ အတ္တလန္တာ က အင်တာကိုပြောင်းသွားတဲ့ ဂိုဆန်ရဲ့နေရာမှာ အစားထိုးဖို့ တာဗာရက်စ်ကို ပစ်မှတ်ထားနေပြီး အာဆင်နယ် ကလည်း သူု့ကို အငှားချသွားဖို့ ပြင်ဆင်နေပါတယ်။

အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အက်သလက်တီတိုတိုက်စစ်မှူး မိုရာတာဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လိုခြင်း မရှိဘူးလို့ Gazetta dello Sport က ဖော်ပြထားပါတယ်။ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့လိုအပ်နေတဲ့ အာဆင်နယ်ဟာ မိုရာတာကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မိုရာတာဟာ ပရီးမီးယားလိဂ်ကို မပြောင်းလိုဘဲ ဂျူဗင်တပ်မှာသာ ဆက်နေလိုတာပါ။

ဘိုင်ယန်မြူးနစ်အနေနဲ့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့် ဆာဘစ်ဇာကို နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားတော့မှာပါ။ ဘိုင်ယန်ဟာဆာဘစ်ဇာကို မနှစ်ကမှ လိုက်ပဇစ်ကနေ ခေါ်ယူ ထားခဲ့ပေမဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာပါ။ ဘိုင်ယန်အနေနဲ့ ဆာဘစ်ဇာကို ပေါင် ၁၃ သန်းရရင်ပဲ လက်လွှတ်သွားတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ် ဂန္ထဝင် ကစားသမားဟောင်း အလန်စမစ်က သူ့အသင်းဟောင်းအနေနဲ့ လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ် ကို ခေါ်ယူသင့်ကြောင်း၊ တိုင်လေမန့်စ်ဟာ လက်စတာ စွမ်းဆောင်ရည်ကောင်းတွေပြသခဲ့သူဖြစ်ပြီး အသင်းတိုင်းကို တိုးတက်စေမဲ့ ကစားသမားဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဆက်ဆူအိုလို စီအီးအို ကာနယ်ဗယ်လီက အာဆင်နယ်ပစ်မှတ်ထားနေတဲ့ တိုက်စစ်မူှး ဆကာမတ်ကာအတွက် ပီအက်စ်ဂျီနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း၊ ပီအက်စ်ဂျီ အကြံပေး လူးဝစ်နဲ့ မိမိတို့ဟာမိတ်ဆွေတွေဖြစ်ကြပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဆကာမတ်ကာကို စိတ်ဝင်စားနေတဲ့အသင်းများစွာ ရှိကြကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

ဂျူဗင်တပ်ကွင်းလယ်လူ မယ်လိုအာသာအနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့လိုနေတယ်လို့ အီတလီ သတင်း က ဖော်ပြထားပါတယ်။ ဂျူဗင်တပ်ဟာ အာဆင်နယ်ပစ်မှတ်ထားနေတဲ့ အာသာကိုရောင်းထုတ်လိုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်ဟာ အာသာအတွက် ယူရို ၄၇ သန်းအလိုရှိနေတာက အာဆင်နယ်အတွက် အခက်အခဲဖြစ်ဖွယ် ရှိနေပါတယ်။