လာမယ့် တစ်ပတ်အတွင်း အရှိန်မြှင့်မယ့် ပလန်၊ မာတီနက်ဇ်၊ ဘယ်လာရင်နဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အနေနဲ့ လာမဲ့တစ်ပတ်အတွင်း နွေရာသီအပြောင်းအရွှေ့ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်အနေနဲ့ မက်တာနာ၊ မာကွင်ဟို့စ်နဲ့ဗီယာရာတို့ကိုခေါ်ယူပြီး နကီတီယာကိုလည်း ရေရှည်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပါတယ်။ လာမဲ့တစ်ပတ်အတွင်း အာဆင်နယ်ဟာ သူတို့ရဲ့ အဓိက ပစ်မှတ်တွေကို အရှိန်မြှင့်လှုပ်ရှားသွားမှာပါ။

အာဆင်နယ် အနေနဲ့ အေဂျက်ဇ်နောက်ခံလူ မာတီနက်ဇ်ကို ခေါ်ယူဖို့ရာ စုံစမ်းမှုတွေ ပြုလုပ်လျက် ရှိနေပါတယ်။ အာဆင်နယ် နည်းပြ အာတီတာဟာ အပြောင်းအရွှေ့မှာ ဘယ်သန် နောက်ခံလူတစ်ဦး ခေါ်လိုနေပြီး ၂၄ နှစ်အရွယ် မာတီနက်ဇ်ကို သဘောကျနေတာပါ။

လူငယ်တိုက်စစ်မှူး နကီတီယာကို ရေရှည်စာချုပ်သက်တမ်း တိုးမြှင့်လိုက်တဲ့ သဘောမကျဘဲ ဝေဖန်ခဲ့တဲ့ အာဆင်နယ် ပရိသတ်တွေ ကို နောက်ခံလူ ဂါဘရီရယ်က ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ “ခင်ဗျားတို့ သူ့ကို ဘာကြောင့် ကျေးဇူးကန်း ရသလဲ” ဆိုပြီး ဂါဘရီရယ်က အာဆင်နယ်ပရိသတ်တချို့ကို စိတ်ပျက်စွာ တုံ့ပြန်ခဲ့တာပါ။

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က သူ့အသင်းဟောင်း အာဆင်နယ်အနေနဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ် ကစားသမား ဂနာဘရီကိုပြန်လည်ခေါ်ယူသင့်ကြောင်း၊ ဂနာဘရီဟာ အာဆင်နယ်ကို သက်ရောက်မှု ကြီးမားစေမဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ် နောက်ခံလူ ဘယ်လာရင် က ကျန်ရှိနေတဲ့ နောက်ဆုံးနှစ် လုပ်ခလစာကို စွန့်လွှတ်ပြီး ရီးရဲလ်ဘက်တစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ အာဆင်နယ်ဟာ ဘယ်လာရင်ကို ရောင်းချဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၈ သန်း ခန့် အလိုရှိနေတာပါ။ ဒါပေမဲ့ ဘယ်လာရင်ဟာ သူရနေတဲ့ လုပ်ခလစာ တစ်ပတ် ၁ သိန်း ကို စွန့်လွှတ်ပြီး အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းဖို့ အလိုရှိနေပါတယ်။

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ဒါရင်းဘန့်က အာဆင်နယ်အနေနဲ့ ဗီယာရာကိုခေါ်ယူခဲ့ပေမဲ့ လက်စတာ ကွင်းလယ်လူ တိုင်လေမန့်စ်ကို ထပ်မံခေါ်ယူရမှာဖြစ်ကြောင်း၊ တိုင်လေမန့်စ်ဟာ အလွန်အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ကြောင်း၊ အာဆင်နယ်ဟာ ဥရောပမှာ အောင်မြင်မှုရဖို့ဆိုရင် ငွေကြေးများစွာ သုံးစွဲရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဘယ်နောက်ခံလူ တာဗာရက်စ်အတွက် အပြီးသတ် ဝယ်ယူခွင့်ကို မြင့်မားစွာ ထည့်သွင်း ချုပ်ဆိုသွားမှာပါ။ လက်ရှိမှာတာဗာရက်စ်ကို အတ္တလန္တာက အငှားနဲ့ ခေါ်ယူဖို့ပြင်ဆင်နေပြီး အာဆင်နယ်ဟာ အပြီးသတ် ဝယ်ယူခွင့် ပေါင် ၃၄ သန်း အထိ သတ်မှတ်သွားမှာပါ။

အာဆင်နယ် ဂိုးသမားသစ် မက်တာနာကက နံပါတ်တစ် ဂိုးသမားနေရာအတွက် အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်ကို သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ ရမ်ဒေးစ်ဟာ အာဆင်နယ်မှာ အံ့အားသင့်ဖွယ်ရာသီကိုပိုင်ဆိုင်ခဲ့ကြောင်း၊ မိမိအနေနဲ့လည်း အကောင်းဆုံး ဂိုးသမားဖြစ်လာဖို့ အကောင်းဆုံး ဖိအားပေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း မက်တာနာက ကြုံးဝါးခဲ့ပါတယ်။