ငွေကြေး ကိစ္စ ခေါင်းထဲက ထုတ်ထားဖို့ထိ နည်းပြ တန်ဟက်ကို ထောက်ခံမှု ပေးထားတဲ့ မန်ယူရဲ့ ပစ်မှတ် စာရင်း

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြသစ် တန်ဟတ် ဟာ အသင်းကို ပြန်လည် မွန်းမံတည်ဆောက်နိုင်ဖို့အတွက် အဓိက ကစားသမား ၅ ဦးခေါ်ယူပေးဖို့ အသင်းဘုတ်အဖွဲ့ထံ တောင်းဆိုထားပြီး အသင်းဘက်ကလည်း တန်ဟတ် စိတ်ကြိုက် ငွေသုံးစွဲသွားဖို့ ပြင်ဆင်ထားပြီးဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။

နည်းပြ တန်ဟတ် တောင်းဆိုထားတဲ့ ကစားသမား ၅ ဦးစာရင်းထဲမှာ ဘာစီလိုနာမှ ဒီဂျောင်၊ အေဂျက်မှ အန်တိုနီနဲ့ တင်းဘား၊ ဘရတ်ဖို့ဒ်မှ အဲရစ်ဆင် တို့ ပါဝင်နေပါတယ်။ ဒါ့အပြင် ဂိုးသမား နေရာမှာ ဒီဂီယာ နောက် အရန် ဂိုးသမားအဖြစ် နယူးကာဆယ်နဲ့ ဝက်ဖို့ဒ်တို့မှ ကားလ်ဒါလော နဲ့ ဘတ်ချ်မန်းတို့ ၂ ယောက်အနက် တစ်ယောက်ကို ပစ်မှတ်ထား နေပါတယ်။

မန်ယူအသင်း ဘုတ်အဖွဲ့ဟာ ယခုလာမယ့် နွေအပြောင်းအရွှေ့အတွင်း တန်ဟတ် စိတ်ကြိုက် အပြောင်းအရွှေ့တွေ ပြုလုပ်ခွင့်ပြုထားပြီး ငွေရေးကြေးရေးကိစ္စတွေကို ခေါင်းထဲမှ ထုတ်ခိုင်းထားတဲ့အထိ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ နည်းပြ တန်ဟတ် ကတော့ ဘာစီလိုနာ ရောက် တပည့်ဟောင်း ဒီဂျောင်ကိုတော့ မရမက ခေါ်ယူသွားဖို့ ကြိုးစားသွားတော့မှာ ဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ အလုပ်အမှုဆောင်ချုပ် အာနိုးဟာ ဒီဂျောင်ကို ခေါ်ယူနိုင်ဖို့ ဘာစီလိုနာအသင်း စိတ်ကျေနပ်စေမယ့် ကမ်းလှမ်းမှုတွေ ဆက်တိုက် ပြုလုပ်နေကြောင်း ဖွင့်ဟပြောဆိုခဲ့ပြီး ငွေရေးကြေးရေး ကိစ္စတွေကို ခေါင်းထဲ မထည့်ထားကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

မန်ယူက အကယ်၍ ဒီဂျောင်ကိုသာ ခေါ်ယူနိုင်ခဲ့ပါက အေဂျက်မှ တင်းဘားနဲ့ အန်တိုနီယိုတို့ကို ဆက်တိုက် ခေါ်ယူနိုင်ဖု့ိ အခွင့်အလမ်းတွေ များလာခဲ့မှာ ဖြစ်ပြီး ဘရတ်ဖို့မှ အေဂျက်အကယ်ဒမီထွက် အဲရစ်ဆင်ကလည်း အင်္ဂလန်မှာ ဆက်နေချင်ကြောင်း ဖွင့်ဟပြောဆိုထားတဲ့အတွက် တန်ဟတ် အတွက် အစစ အရာရာ အဆင်ပြေဖို့ ရှိနေခဲ့တာ တွေ့ရပါတယ်။