စိတ်ပျက်နေတဲ့ ဒိုလေး၊ မာတီနက်ဇ်နဲ့ အန်တိုနီ၊ ဆာဟာ သတိပေးမှု၊ လွတ်သွားတဲ့ ဂိုးသမားနဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

မန်ယူအသင်းဟာ ညာအစွန်လူတွေဖြစ်တဲ့ ဘစ်ဆာကာနဲ့ ဘရန်ဒန် ဝီလီယမ်တို့ နှစ်ဦးလုံး ကို အသင်းသစ် ရှာဖွေကြဖို့ အသိပေးလိုက်ပြီ ဖြစ်တယ်လို့ မန်ချက်စတာ သတင်းဌာန က ဖော်ပြထားပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပယ်လီစတာက မန်ယူလူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂါနာချိုနဲ့ ဂျိမ်းစ် ဂါနာတို့ဟာ တန်ဟတ်ရဲ့ စီနီယာအသင်းမှာ အခွင့်အရေး ရလာမှာဖြစ်ကြကြောင်း၊ သူတို့ဟာ အရည်အသွေး ထူးချွန်သူတွေဖြစ်ကြပြီး မန်ယူအသင်းမှာ ဝင်တိုးနိုင်ကြမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အေဂျက်ဇ်ကတော့ မန်ယူ ပစ်မှတ်ထားနေတဲ့ သူတို့ ကစားသမားတွေ ဖြစ်တဲ့ အန်တိုနီ နဲ့ မာတီနက်ဇ် တို့ နှစ်ဦးလုံးကိုတော့ ဒီနွေမှာ ရောင်းချမှာ မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။ မန်ယူ အနေနဲ့ တစ်ဦးသာ ခေါ်နိုင်မှာ ဖြစ်လို့ ခံစစ်လား တိုက်စစ်လား ရွေးချယ်ရတော့မှာပါ။

မန်ယူ တိုက်စစ်မူှးဟောင်း ဆာဟာက ယူနိုက်တက်အနေနဲ့ ကစားသမားတစ်ယောက်ကို ပေါင်သန်း ၁၀၀ အထိ ငွေ သုံးစွဲပြီး မခေါ်ယူဖို့ သတိပေးခဲ့ပါတယ်။

” မန်ယူက မှန်ကန်တဲ့ ရွေးချယ်မှုတွေပြုလုပ်ရမှာပါ။ မန်ယူအနေနဲ့ ကစားသမား တစ်ယောက် ကို ပေါင်သန်း ၁၀၀ အထိသုံးဖို့ မလိုပါဘူး။ ဒါက အသင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်” လို့ ဆာဟာက ထောက်ပြခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှုး စီရော်နယ်ဒိုဟာ အသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို စိုးရိမ် လာခဲ့ပြီ ဖြစ်ကြောင်း စပိန် သတင်းတွေက ဖော်ပြနေကြပါတယ်။ ပြိုင်ဘက်အသင်းတွေက အပြိုင်အဆိုင် လှုပ်ရှားနေကြပေမဲ့ မန်ယူကတော့ ဈေးကွက်အတွင်း ကစားသမားသစ် မခေါ်နိုင်သေးပါဘူး။ စူပါအေးဂျင့် ဂျော့မန်ဒက်စ်နဲ့ နီးစပ်သူတစ်ယောက်က စီရော်နယ်ဒိုဟာ မန်ယူရဲ့အပြောင်းအရွှေ့လှုပ်ရှားကို စိတ်ပျက်နေတယ်လို့ သတင်းပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပေါ်တိုကွင်းလယ်လူ အီဗန်နယ်ဆန်ကို ပစ်မှတ်ထားနေပါတယ်။ ပေါ်တိုက အသက် ၂၂ နှစ်အရွယ် ကစားသမားအတွက် ယူရို သန်း ၇ဝ အလိုရှိနေပြီး မန်ယူက ယူရို သန်း ၆ဝ နဲ့ ကမ်းလှမ်းထားခဲ့ကာ ငြင်းဆန်ပယ်ချခံထားရပါတယ်။

မန်ယူပစ်မှတ်ထားနေတဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ ဝက်စ်ဘရွန်းဂိုးသမား ဆမ်ဂျွန်စတုန်းအနေနဲ့ ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ The Athletic က ဖော်ပြထားပါတယ်။