ဆိုးရှား ဆက်ရှိနေရင် ရာသီကုန်မှာ မန်ယူရောက်နေမယ့် အဆင့်ကို ဒါရင်းဘန့် ခန့်မှန်း
ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ ယူနိုက်တက်မှာ ဆိုးရှား ဆက်ရှိနေမယ်ဆိုရင် ရာသီကုန်မှာ အဆင့် ၇ မှာပဲ ရပ်တည်နေလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် ဘုတ်အဖွဲ့ဟာ နည်းပြ အိုလေဂန်နာ ဆိုးရှား ကို ချက်ချင်းထုတ်ပယ်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒါကြောင့် ဆိုးရှားဟာ လာမယ့် စနေနေ့ စပါး ပွဲကို တာဝန်ယူ ကိုင်တွယ်သွားဦးမှာ ဖြစ်ပါတယ်။
ခါးသီးပြိုင်ဘက် လီဗာပူးကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဆိုးရှားရဲ့ အနာဂတ်ဟာ ဖိအားတွေ များပြားလာခဲ့သလို ယူနိုက်တက် ကလည်း ထိပ်ဆုံးနေရာက ချဲလ်ဆီးနဲ့ ၈ မှတ် အကွာ အဆင့် ၇ နေရာမှာသာ ရပ်တည် နေပါတယ်။ ဘန့်က ဆိုးရှားသာ ရာသီကုန်ထိ ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိနေခဲ့မယ် ဆိုရင် လာမည့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။
ဘန့်ကပဲ မန်နေဂျာ အနေနဲ့ ကစားသမားတွေထံ သူ အလိုရှိတဲ့ ပုံစံအတိုင်း ကစားနိုင်ရန် ရှင်းလင်းတဲ့ မက်ဆေ့ချ် ပေးသွားဖို့ လိုအပ်တယ်လို့ သုံးသပ်လိုက်ပါတယ်။

ဒါရင်းဘန့်က ပြောရာမှာ “ ယူနိုက်တက်က ဆိုးရှားကို ဆက်ပြီး တာဝန်ပေးမယ်ဆိုရင်တော့ သူတို့ ရာသီကုန်မှာ အဆင့် ၇ နေရာနဲ့ပဲ ရပ်တည်နိုင်ပါလိမ့်မယ်။ တကယ်လို့ ယူနိုက်တက်ဟာ အတ္တလန်တာနဲ့ လီဗာပူးပွဲတွေအတိုင်း ဆက်ကစားနေမယ်ဆိုရင် ထိပ်ဆုံး ၈ သင်းထဲက ဘယ်အသင်းမဆို ယူနိုက်တက်ကို အနိုင်ကစားလို့ ရပါတယ်။
လီဗာပူး ချဲလ်ဆီး မန်စီးတီး တို့ကို ကြည့်ကြည့်လိုက်ပါ။ သူတို့ဟာ ရှေ့တန်းကနေ ဖိအားပေးမှုကို စတင်ပြီး ဘောလုံးကို ပြန်လည် ရယူဖို့ အတွက် တကယ့်ကို ပြင်းပြင်းထန်ထန် အားထုတ်လေ့ ရှိပါတယ်။
ကျွန်တော် ယူနိုက်တက်ကို ကြည့်လိုက်တဲ့ အခါမှာ အထူးသဖြင့် နောက်ဆုံး ပွဲစဉ် တစ်ချို့မှာ တစ်ချို့ ကစားသမားတွေကပဲ ပရိတ်သတ်တွေ စိတ်ကျေနပ်မှု ရစေဖို့ အတွက် ဖိအားပေးမှု လုပ်ပါတယ်။ ပရိတ်သတ်တွေကို ‘ဒီမှာကြည့်လိုက်ပါ။ ငါကြိုးစားနေတယ်’ ဆိုတဲ့ ပုံစံမျိုး ပြသရုံလောက်နဲ့ ဘောလုံး ပြန်ရနိုင်ဖို့ လုံးဝအခွင့်အရေး မရှိပါဘူး။
ဒါဟာ ကောင်းမွန်တဲ့ နည်းပြမှုအပေါ် မူတည်ပါတယ်။ ဘယ်လို တိုက်စစ်ဆင်ရမယ် ဘယ်လို ခံစစ် ကစားရမယ် အတူတကွ ဘယ်လို ဖိအားပေးမှုတွေ လုပ်ရမယ် ဆိုတာကို လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်တဲ့ အပေါ် မူတည်ပါတယ်။ ကွင်းထဲရောက်မှ လုပ်ပြတာမျိုးဟာ မလုပ်မဖြစ်ပါဘူး။ ဒီလို အဆင့်မှာ လုံး၀ မဖြစ်နိုင်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။