ရော်နယ်ဒို ကို ခေါ်ချင်တဲ့ ဘိုင်ယန်၊ နီဗက်စ် တန်ကြေး၊ ချီးကျူးခံရတဲ့ ရှောနဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ယူနဲ့ ဘာစီလိုနာ တို့ ပစ်မှတ်ထားနေတဲ့ ရူဘန် နီဗက်စ် အတွက် ဝုဗ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇ဝ လို့ ဈေးသတ်မှတ်လိုက်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ကစားသမားက ဝုဗ်နဲ့ စာချုပ် ၂နှစ် ကျန်ရှိနေပါတယ်။

အေဂျက်ဇ်အသင်းဟာ မန်ယူပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေး မြင့်မားစွာ အလိုရှိနေကြောင်း သိရပါတယ်။ မန်ယူဟာ လက်ရှိမှာ အေဂျက်ဇ်ကစားသမားတွေဖြစ်တဲ့ တင်ဘာ၊ မာတီနက်ဇ်နဲ့ အန်တိုနေးတို့ကို ပစ်မှတ်ထားနေတာပါ။ အေဂျက်ဇ်ကတော့ ကစားသမားတစ်ဦးချင်းစီအတွက် အနည်းဆုံး ယူရိုသန်း ၅၀ စီ အလိုရှိနေပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ လီဝန်ဒေါစကီး ကို လက်လွှတ်ရရင် အစားထိုးဖို့ မန်ယူတိုက်စစ်မှုး ခရစ္စတီယာနို ရော်နယ်ဒို ကို ပစ်မှတ်ထား ချိန်ရွယ်နေပါတယ်။ ဘိုင်ယန်က ရော်နယ်ဒို အတွက် ကမ်းလှမ်းမှုလည်း ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မန်ယူကွင်းလယ်လူဟောင်း ချက်ဝက်စ်က နောက်ခံလူ လုရှောခ်ကို ချီးကျူးခဲ့ပြီး တကယ်လို့ လုရှောခ်သာ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် ပထမနေရာကို ရရှိမှာဖြစ်ကြောင်း၊ လုရှောခ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံလူ တောင် ဖြစ်နိုင်ပြီး ယူရိုပြိုင်ပွဲမှာလည်း ခြေစွမ်းကောင်းပြသခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပေါ်လက်စတာက ဝါရင့်ကွင်းလယ်လူမာတစ်ကို ထွက်ခွာခွင့်ပြုခဲ့တဲ့မန်ယူရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ မာတစ်ဟာ ပရော်ဖက်ရှင်နယ်ဆန်လွန်းသူဖြစ်ပြီး မာတစ်ဟာ ကွင်းလယ်ပိုင်းမှာ တည်ငြိမ်လွန်းသူဖြစ်ပြီး သူ့ကို ဆက်ထိန်းထားရင် မန်ယူအနေနဲ့ အကျိုးရှိမှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

ဒိန်းမတ် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ အဲရစ်ဆင်အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သင့်တယ်လို့ စပါးကစားသမားဟောင်း အလန်ဟတ်တန်က တိုက်တွန်းခဲ့ပါတယ်။

မန်ယူနည်းပြသစ် တန်ဟတ်အနေနဲ့ ရာသီသစ်မှာ နောက်ခံလူ မက်ဂွဲရားကို ဆက်ထိန်းသွားမှာ ဖြစ်ပါတယ်။ မက်ဂွဲရား ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာတွေဖြစ်ပေါ်ခဲ့ပေမဲ့ နည်းပြတန်ဟတ်ရဲ့ ရာသီသစီအစီအစဉ်ထဲမှာ မက်ဂွဲရား ပါဝင်နေဆဲဖြစ်ကြောင်း ဒေးလီးမေးလ်က က ဖော်ပြထားပါတယ်။ ဒါပေမဲ့ မက်ဂွဲရားအနေနဲ့ အသင်းခေါင်းဆောင် ရာထူးအတွက်တော့ အာမခံချက် မရှိဘူးလို့ သိရပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ပယ်လီစတာက မန်ယူလူငယ်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂါနာချိုနဲ့ ဂျိမ်းစ်ဂါနာတို့ဟာ တန်ဟတ်ရဲ့ စီနီယာအသင်းမှာ အခွင့်အရေးရလာမှာဖြစ်ကြကြောင်း၊ သူတို့ဟာအရည်အသွေး ထူးချွန်သူတွေဖြစ်ကြပြီး မန်ယူအသင်းမှာ ဝင်တိုးနိုင်ကြမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။