ဒမ်ဘီလီ၊ နေမာ၊ ဒီလိုက်ချ်၊ ကီပါရဲ့ တောင်းဆိုမှု၊ နှုတ်ထွက်သွားတဲ့ ပီတာချက်နဲ့ ယနေ့ ချဲလ်ဆီး သတင်းတိုများ
ဒီနွေမှာ ချဲလ်ဆီးက ဗဟိုခံစစ်မှုး ၂ ဦး အရ ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ် ထားပါတယ်။ ဒါ့အပြင် အကယ်ဒမီထွက် လူငယ်ခံစစ်မှုးလေး လယ်ဗီ ကိုးဝဲလ် ကို ရောင်းမလား၊ ရူဒီဂါ နေရာ အစားထိုး သုံးတော့မလားကိုလည်း ဆုံးဖြတ်တော့မှာပါ။
ချဲလ်ဆီးအသင်းမှ စွမ်းဆောင်ရည်ပိုင်း ကြီးကြပ်နေတဲ့ အသင်း ဒါရိုက်တာ ဂိုးသမားဟောင်းကြီး ပီတာချက်ကလည်း ရာထူးကနေ နှုတ်ထွက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးက အသင်း အုပ်ချုပ်ရေးပိုင်းမှာ အပြောင်းအလဲတွေ များစွာ ရှိနေပါတယ်။
ဘာစီလိုနာ အသင်းဟာ ချဲလ်ဆီး ပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို လာမယ့် ၄၈ နာရီ အတွင်း ဆုံးဖြတ်ချက် ချဖို့ ဖိအားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒမ်ဘီလီက ဘာစီလိုနာနဲ့ စာချုပ်သစ် သက်တမ်းတိုးဖို့ သဘောတူညီမှု မပေးသေးသလို အသင်းပြောင်းဖို့လည်း မလှုပ်သေးဘဲ ရှိနေတာပါ။

ချဲလ်ဆီး တိုက်စစ်ကစားသမား ဇီးယက်ချ်ကို ခေါ်ယူဖို့အတွက် အေစီမီလန်နဲ့ မာဆေးတို့က အပြိုင်ကြိုးပမ်း နေကြပါတယ်။ ၂၉ နှစ်အရွယ် ကစားသမားဟာ စတမ်းဖို့ဘရစ်ချ်မှာ ဆက်မရှိလိုတော့ဘဲ အသင်းကနေ ထွက်ခွာခွင့် တရားဝင် တောင်းဆိုထားပါတယ်။
ချဲလ်ဆီးဂိုးသမား ကီပါ က လာမဲ့ရာသီမှာ နည်းပြတူချယ်က သူ့ကို ပိုမို အသုံးပြုဖို့ မျှော်လင့်ကြောင်း၊ လက်ရှိမှာ သူ့အတွက် ပွဲကစားခွင့် ရရှိဖို့က အရေးပါနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ ကီပါဟာ ချဲလ်ဆီးကို ကြေးကြီးကြီးနဲ့ ပြောင်းလာခဲ့ပေမဲ့ မန်ဒီရဲ့နောက် ဒုတိယဦးစားပေးအဖြစ်သာ ပွဲထွက်ခွင့်ရနေတာပါ။
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကိုခေါ်ယူဖို့အတွက် ဂျူဗင်တပ်နဲ့ ချဲလ်ဆီးတို့က အပြိုင် ကြိုးပမ်း နေကြကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီဟာ နေမာကို သင့်တော်တဲ့ပြောင်းရွှေ့ကြေး ရပါက ရောင်းထုတ်သွားမှာပါ။ လက်ရှိမှာ နေမာရဲ့ အခြေအနေကို အဆိုပါအသင်းနှစ်သင်းက စောင့်ကြည့်နေကြတာပါ။

ချဲလ်ဆီးအသင်းဟာ နောက်ခံလူတွေဖြစ်ကြတဲ့ အက်ပီကျူတာနဲ့ အလွန်ဆိုတို့အတွက် ဘာစီလိုနာထံ ပေါင် ၁၃ သန်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ အက်ပီကျူတာနဲ့ အလွန်ဆိုနှစ်ဦးစလုံးက ဘာစီလိုနာက ခေါ်ယူလိုပေမဲ့ ဘဏ္ဍာရေးပိုင်းကြောင့် အခက်အခဲ ဖြစ်နေတာပါ။
ဂျူဗင်တပ်အနေနဲ့ နောက်ခံလူ ဒီလိုက်ချ်အတွက် ချဲလ်ဆီးရဲ့ တိုက်စစ်မှူး တီမုဝါနာ အပါအဝင် ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။ ဂျူဗင်တပ်က သူတို့ရဲ့ကစားသမားအတွက် ငွေကြေး သီးသန့်သာ အလိုရှိနေပြီး ကစားသမား အလိုက်ပေးတာမျိုး လက်မခံလိုပါဘူး။