တန်ဟက် ရှိနေတာတောင် မန်ယူထက် အာဆင်နယ်ကိုပဲ ပြောင်းချင်နေတဲ့ မာတီနက်ဇ်

အေဂျက်အသင်းရဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ ဒီနွေမှာ အသင်းသစ် ပြောင်းရွှေ့လိုနေပြီး ၎င်းကို အာဆင်နယ်က ဒုတိယအကြိမ် ပေါင် ၃၄.၅ သန်းနဲ့ ကမ်းလှမ်းထားသလို မန်ယူကလည်း ချိတ်ဆက်နေပါတယ်။

အာဆင်နယ်ဟာ ပေါ်တိုစတား ဗီအဲရာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို စီးတီးစတား ဂျီးဆပ်စ်ကိုလည်း ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ အဲ့နောက် အာတီတာက နောက်တန်းနေရာအတွက် မန်ယူနိုက်တက်ကို ကျော်ဖြတ်ကာ မာတီနက်ဇ်ကို ထပ်မံခေါ်ယူလိုနေပါတယ်။

အင်္ဂလန် သတင်းဌာနတွေ အဆိုအရ အာဂျင်တိုင်းသားဟာ အာတီတာလိုချင်နေတဲ့သူမျိုးဖြစ်ပြီး အေဂျက်မှာ ဗဟိုခံစစ် ကစားပေမယ့် အာတီတာဆီရောက်ရင် နေရာပြောင်း ကစားရဖွယ် ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘယ်နောက်ခံ ကစားသမားကို အသည်းအသန်စိတ်ဝင်စားနေပြီး တီယာနေးအရန်အဖြစ် ထားရှိချင်နေပါတယ်။

အသက် ၂၄ နှစ်သားဟာ အေဂျက်အသင်းမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် အေဂျက်ရဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ခံစစ်ပိုင်းအပြင် ကွင်းလယ်ပိုင်းမှာလည်း ကစားနိုင်စွမ်း ရှိတာဖြစ်ကာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဟာ ဘယ်နောက်ခံလူနေရာ အားနည်းခဲ့တာဖြစ်ပါတယ်။

အာတီတာဟာ အသင်းထံကို စွယ်စုံရကစားသမားတွေခေါ်ယူနေတာဖြစ်ပြီး အာဂျင်တိုင်းသားကလည်း အာဆင်နယ်ကို ပြောင်းချင်နေပါတယ်။ ယူနိုက်တက် နည်းပြ တန်ဟက်တော့ သူ့ကစားသမားဟောင်းကို ခေါ်ယူချင်နေပေမယ့် တရားဝင် ကမ်းလှမ်းမှုတော့ မပြုလုပ်ရသေးတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကို အရခေါ်ယူနိုင်ဖို့ အာရုံစိုက်နေပြီး အဲ့နောက်မှာမှ အခြားပစ်မှတ်တွေကို ခေါ်ယူဖွယ် ရှိနေပါတယ်။ အာဆင်နယ်ကိုသာ မာတီနက်ဇ် ရောက်လာခဲ့မယ်ဆိုရင် ဘယ်နောက်ခံလူ တာဗာရက်စ်တစ်ယောက် အငှားထွက်ကစားရဖွယ်ရှိနေပါတယ်။

အခြားတစ်ဖက်မှာ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် လိဒ်စတား ရာဖင်ဟာကိုလည်း ချိတ်ဆက်နေပြီး မကြာခင်မှာ ဒုတိယအကြိမ်ကမ်းလှမ်းဖွယ်ရှိနေပါတယ်။