ဂျေးဆု ကျောနံပါတ်၊ အီဆစ်၊ ဆာလီဘာ၊ လီနို၊ တီယာနေးတို့နဲ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ် တိုက်စစ်မှုးသစ် ဖြစ်လာတော့မဲ့ ဂါဘရီရယ် ဂျေးဆု က အာဆင်နယ်မှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျေးဆုဟာ ဇွန်လ (၂၈)ရက်နေ့မှာ အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူပြီးခဲ့ပြီး မကြာခင်မှာ အပြောင်းအရွှေ့ တရားဝင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
Amazon က ရိုက်ကူးတဲ့ အာဆင်နယ်ရဲ့ All or Nothing စီးရီးကို သြဂုတ်လ (၄) ရက်နေ့မှာ စတင် ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။ ဇွန်လ (၂၈) ရက်နေ့မှာတော့ အဆိုပါစီးရီးရဲ့ ပထမဆုံး Trailer ကို ထုတ်လွှွင့် ခဲ့ပါတယ်။ ဒီစီးရီးဟာ ၂၀၂၁-၂၂ ရာသီအတွင်း အာဆင်နယ်ရဲ့ ဖြစ်ရပ်တွေကို စိတ်ဝင်စားဖွယ်ရာ ရိုက်ကူး တင်ဆက်ထားတာပါ။
အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက သူ့အသင်းဟောင်းအနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို အဲဗာတန် တိုက်စစ်မှူး ရီချာလီဆန်ကို မခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ရီချာလီဆန်ဟာ ကစားသမားကောင်းဆိုပေမဲ့ ခြေစွမ်း တည်ငြိမ်မှု မရှိဘူးလို့ ရေးပါလာက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် က မန်စီးတီးမှ ဂျေးဆု ကို ခေါ်ယူခဲ့ပြီး ဖြစ်ပေမဲ့ ကာလရှည်ပစ်မှတ်ထားခဲ့တဲ့ ဆိုစီဒက်တိုက်စစ်မူှး အီဆစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း Fichajes သတင်းဌာနက ဖော်ပြထားပါတယ်။ ဆိုစီဒက်အနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်တိုက်စစ်မှုး အတွက် ယူရို သန်း ၇၀ အလိုရှိနေတာပါ။
အာဆင်နယ်ပရိသတ်တွေက လာမဲ့ရာသီသစ်မှာ နည်းပြအာတီတာအနေနဲ့ နောက်ခံလူ ဆာဘီဘာကို အခွင့်အရေး ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဆာလီဘာဟာ ပေါင်သန်း ၉၀ လောက်အထိ တန်ကြေး ရှိလာနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း၊ အာတီတာအနေနဲ့ ဆာလီဘာကို သက်သေပြဖို့ အခွင့်အရေးပေးသင့်ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။
အာဆင်နယ် ဂိုးသမား လီနိုကိုခေါ်ယူဖို့အတွက် နယ်သာလန် ကလပ် ပီအက်စ်ဗွီကလည်း စိတ်ဝင်စားလာခဲ့ပြီ ဖြစ်ပါတယ်။ လီနိုဟာ အာဆင်နယ်မှာ နေရာပျောက်ဆုံးခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ချန်ပီယံလိဂ်ကိုအကြောင်းပြပြီး ပီအက်စ်ဗွီအနေနဲ့ လီနိုကို စည်းရုံးဖို့ ပြင်ဆင်နေတာပါ။

မန်စီးတီးနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အာဆင်နယ်နောက်ခံလူ တီယာနေးဟာ အသင်း ပြောင်းရွှေ့မှာ မဟုတ်ဘဲ အမ်းမရိတ်စ်မှာသာ ဆက်ရှိနေမှာဖြစ်တယ်လို့ စကော့တလန် သတင်းတွေက ဖော်ပြ ထားပါတယ်။ လတ်တလောမှာ တီယာနေးဟာ အာဆင်နယ်မှာ ပျော်ရွှင်နေပြီး အသင်းကနေ ထွက်ခွာလိုခြင်း မရှိပါဘူး။
စပါး ကစားသမားဟောင်း အိုဟာရာက အာဆင်နယ်အနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ခဲ့ရင် သူ့ရဲ့ တွစ်တာ အကောင့်ကို ဖျက်လိုက်တော့မယ်လို့ စိန်ခေါ်ခဲ့ပါတယ်။ ရာဖင်ဟာ ကို ချဲလ်ဆီးက ဝင်ရောက် ကမ်းလှမ်းနေပြီ ဖြစ်ပါတယ်။