မာလာစီယာ၊ ဒီဂျောင်၊ တဲလက်စ်၊ တော်မီနေး၊ အေဂျက်ကြယ်ပွင့် ၂ဦး နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းတိုများ

ဒီဂျောင် အတွက် ဘာစီလိုနာအသင်းနဲ့ မန်ယူတို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရထားပြီးချိန်မှာ ကစားသမားဖြစ်သူနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒီဂျောင်ကတော့ နူးကမ့်မှာသာ ဆက်နေလိုတယ် လို့ တုန့်ပြန် ထားတာပါ။

မန်ချက်စတာ ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား စကော့ မက် တော်မီနေး အတွက် ဘယ် ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားမှာမဟုတ်ဘဲ ရောင်းရန်မဟုတ်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဖီယင်နု အသင်းမှ ဘယ်နောက်ခံကစားသမား တီရဲလ် မာလာစီယာဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူ လိုက်ပြီ ဖြစ်ပါတယ်။ ကလပ်အသင်း နှစ်သင်းကြားလည်း ပေါင် ၁၅ သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရထားပြီးဖြစ်တာကြောင့် အသက် ၂၂ နှစ်အရွယ် နယ်သာလန်သားလေးဟာ လာမဲ့ရက်ပိုင်းအတွင်းမှာ ဆေးစစ်မှု ခံယူပြီး အပြီးသတ် စာချုပ် ချုပ်ဆိုသွားတော့မှာပါ။

မာလာစီယာ ရောက်လာမှာ ဖြစ်ပေမဲ့လည်း ဘယ်နောက်ခံကစားသမား လုခ် ရှောရဲ့ အနာဂတ်ကတော့ ခိုင်မာနေပြီး အင်္ဂလန်သားဟာ နည်းပြ အဲရစ် တန်ဟက် လက်ထက် လာမဲ့ရာသီမှာ ပထမဦးစားပေး ဘယ်နောက်ခံလူ အဖြစ် ဆက်လက် တည်ရှိနေမယ်လို့ သိရပါတယ်။

အခြားကွင်းလယ်ကစားသမားတဦးဖြစ်တဲ့ အန်ဒရယ်ယာ ပါရဲရားကိုတော့ မန်ယူအသင်း ရောင်းချဖို့ ရှိနေပြီး ဖူလ်ဟမ်အသင်းကို ကစားသမားဖြစ်သူနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြုထားကြောင်း သိရပါတယ်။ ဒါပေမဲ့ ဘရာဇီးလ်သားဟာ အိုးထရက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆန္ဒရှိနေတာကြောင့် ဖူလ်ဟမ်အသင်း အခက်တွေ့ဖွယ် ရှိနေပါတယ်။

မန်ယူအသင်းဟာ ဒီဂျောင်နဲ့ မာလာစီယာတို့ အပြောင်းအရွှေ့တွေ အဆုံးသတ်ချိန်ကျရင် အေဂျက် ကြယ်ပွင့်တွေဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ အန်တိုနီတို့ကို ဆက်လက်ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။ မာတီနက်ဇ်အတွက် ပေါင်သန်း ၄၀ လောက် အသုံးပြုဖို့ ရှိနေတယ်လို့ သိရပြီး အန်တိုနီကိုတော့ အေဂျက်က ပေါင် သန်း ၆၀ နဲ့ အထက် ဈေး သတ်မှတ်ထားပါတယ်။

ဘယ်နောက်ခံလူနေရာမှာ လုခ် ရှောနဲ့ မာလာစီယာတို့ကိုသာ ထားရှိသွားတော့မှာကြောင့် နောက်ထပ် ဘယ်နောက်ခံ ကစားသမားတဦးဖြစ်တဲ့ အဲလက်စ် တဲလက်စ် ကတော့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။

အာရွန် ဝမ်-ဘစ်ဆာကာနဲ့ ဘရန်ဒန် ဝီလီယံစ်တို့ကိုလည်း မန်ယူအသင်း ရောင်းချသွားဖို့ စီစဉ်ထားပေမဲ့လည်း ၎င်းတို့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်း လောက်လောက်လားလား မရှိသေးတာကြောင့် အခက်တွေ့နေပါတယ်။ မန်ယူဟာ ကစားသမားရောင်းချမှုကနေ ရလာမဲ့ ပြောင်းရွှေ့ကြေးတွေကို လူသစ်တွေ ဝယ်ဖို့ ပြန်သုံးလိုနေတာပါ။