မန်ယူ က မာတီနက်ဇ် ကို ခေါ်ဖို့ အသာရလာပေမယ့် အဓိက ဒီဂျောင်ကို လုမယ့် ပြိုင်ဘက်သစ် ပေါ်လာ
အေဂျက် ခံစစ်မှုး မာတီနက်ဇ် အတွက် အာဆင်နယ်ဟာ မန်ယူထက်အရင် လက်ဦးမှုရယူပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကမ်းလှမ်းမှု ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့လည်း သဘောတူညီမှု ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဂန်းနားတို့ဟာ အသက် ၂၄ နှစ်သားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း၊ ထပ်ဆောင်းပြောင်းရွှေ့ကြေး ပေါင် ၅ သန်းနဲ့ စုစုပေါင်း ပေါင်သန်း ၄၀ တန် ကမ်းလှမ်းမှု ပြုလုပ်ထားပေမဲ့ အေဂျက်ကတော့ အကြောင်းပြန်ခဲ့ခြင်း မရှိပါဘူး။
ဒီအချိန်မှာ မန်ယူအသင်းက ကြားဝင်ကြိုးပမ်းလာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အေဂျက်နဲ့ နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ကာ အာဆင်နယ်အသင်းကို ဒီအပြောင်းအရွှေ့မှာ အလဲထိုးနိုင်တော့မယ်လို့ ယုံကြည်နေပါတယ်။

မန်ယူဟာ အာဆင်နယ်အသင်း ကမ်းလှမ်းထားတဲ့ ပမာဏအတိုင်း ပေါင် ၃၅ သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်း သွားမှာ ဖြစ်ပါတယ်။ အေဂျက် ကတော့ မာတီနက်ဇ်အတွက် ပေါင် ၄၃ သန်း ဈေးခေါ်ထားတာဖြစ်ပြီး မန်ယူ အသင်းအနေနဲ့ ဒီပမာဏကို ထပ်ဆောင်းပြောင်းရွှေ့ကြေးတွေ ထပ်ပေါင်းထည့်ကာ သဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။
အေဂျက် ရဲ့ အမှုဆောင်ချုပ်ဟာ မန်ယူကြယ်ပွင့်ဟောင်း ဗန်ဒါဆား ဖြစ်တာကြောင့် မန်ယူအနေနဲ့ ဆွေးနွေးမှုတွေမှာ အဆင်ချောနေတာပါ။
တဖက်မှာလည်း မန်ယူနည်းပြ တန်ဟက်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ ဘာစီလိုနာ ကွင်းလယ် ကစားသမား ဒီဂျောင် ကို ခေါ်ယူရေးမှာ ဝင်လုမယ့် ပြိုင်ဘက်သစ် ပေါ်လာခဲ့ပါတယ်။

ချဲလ်ဆီး အသင်းဟာ မန်ယူနဲ့ ဒီဂျောင် အခြေအနေတွေကို စောင့်ကြည့်နေပြီး ကြားဖြတ်ခေါ်ယူသွားမှာဖြစ်ကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။
မန်ယူဟာ နယ်သာလန်သားကို ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်း၊ ထပ်ဆောင်းပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ သန်း ၂၀ ကြား၊ စုစုပေါင်း ပေါင် ၇၆ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ရာ အခြေအနေ ကောင်းနေပြီး ဘာစီလိုနာအသင်းနဲ့ ဆက်လက်ညှိနှိုင်းနေသလို ကစားသမားဖြစ်သူနဲ့လည်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ရာ ကြိုးစားနေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်သားဟာ အစောပိုင်းတုန်းကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိခဲ့ပေမဲ့လည်း အခုချိန်မှာ ဆရာဟောင်း အဲရစ်တ တန်ဟက် ကြောင့် အိုးထရက်ဖို့ဒ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပါတယ်။
ဒါပေမဲ့လည်း ဒီဂျောင် ဟာ ချန်ပီယံလိဂ်လို ပြိုင်ပွဲမျိုးမှာ ကစားချင်နေတာကြောင့် ချဲလ်ဆီးသာ ကြားဝင်လာခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲထားတဲ့ မန်ယူအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလာနိုင်ပါတယ်။