ကစားသမားဘဝ ပထမဆုံးအကြိမ် ယူရိုပါလိဂ် ကစားရမှာကို ရှောင်ထွက်ဖို့ ရော်နယ်ဒို က အသင်းပြောင်းခွင့် တောင်းဆိုလိုက်ပါပြီ
ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သူ့အတွက် သင့်တော်ကောင်းမွန်တဲ့ ကမ်းလှမ်းမှုမျိုးရမယ်ဆိုရင် အသင်းက ထွက်ခွာခွင့်ပေးဖို့ မန်ချက်စတာယူနိုက်တက်ကို တောင်းဆိုလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နွေရာသီကမှ မန်ယူနိုက်တက်ကို ပြန်ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်သလို ပရီးမီးယားလိဂ်ရဲ့ဂိုးသွင်းအများဆုံး နံပတ် ၃ နေရာမှာ ချိတ်ခဲ့ဝာာဖြစ်ပါတယ်။
ဒါပေမယ့် မန်ယူအသင်းဟာ ဆုဖလားလက်မဲ့၊ ယူရိုပါလိဂ် ဝင်ခွင့်တွေနဲ့သာ စိတ်ပျက်စရာရာသီတစ်ခုကို အဆုံးသတ် ခဲ့ရတာပါ။ ရော်နယ်ဒိုအတွက်တော့ မန်ယူ အသင်းနဲ့ စာချုပ်တစ်နှစ်ကျန်သေးတာကြောင့် ကစားသမားဘဝ ပထမဆုံး အကြိမ် ယူရိုပါလိဂ်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။
စီ ရော်နယ်ဒိုဟာ မန်ယူ အသင်းကို လေးစားပေမယ့် သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်တွေမှာ ဆုဖလားတွေ ရယူနိုင်ဖို့ အတွက် ယှဉ်ပြိုင်ချင်နေတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ သူ့ကို မရောင်းချချင်ပေမယ့် အသင်းရဲ့ လက်ရှိအနေအထားတွေကို ရော်နယ်ဒိုက စိတ်ပျက်နေပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခုအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ခြင်း မရှိသေးတာကြောင့် ရော်နယ်ဒို ကတော့ အသင်းဟာ ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်မယ့် အခြေအနေမှာ မရှိဘူးလို့ ယူဆနေတာဖြစ်ပါတယ်။
ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့ခ်ျမန်ဒတ်စ်ကလည်း သူ့ရဲ့ကစားသမားအတွက် အပြောင်းအရွှေ့ဖြစ်ပေါ်အောင် တွန်းအားပေး လုပ်ဆောင်နေပြီး အပြောင်းအရွှေ့ဟာ လှုပ်ခတ်လာခဲ့တာပါ။
ရော်နယ်ဒိုကတော့ ဒီအပတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းရတော့မှာဖြစ်ပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်။
အသင်းပိုင်ရှင်သစ် ပြောင်းပြီးတဲ့နောက် ဈေးကွက်ထဲ ခေါ်ယူမှု ကြီးကြီး လုပ်ပြချင်နေတဲ့ ချယ်ဆီးက ရော်နယ်ဒို ကို ခေါ်ယူနိုင်ဖို့လည်း ရေပန်းစားလာနေပါတယ်။