ကာဗယ်ဟိုက ဘယ်လို ကစားသမားမျိုးလဲ မိတ်ဆက်လိုက်တဲ့ ယာဂန်ကလော့
ယာဂန်ကလော့ဟာ အသက် ၁၉ နှစ်အရွယ် ကစားသမား အန်ဖီးကို ရောက်လာခဲ့တဲ့ အပေါ် တုန့်ပြန်မှု လုပ်သွားခဲ့ပြီး ကာဗယ်ဟိုရဲ့ အရည်အသွေး နဲ့ character တွေကြောင့် ၎င်းကို ကလပ်ဘက်က ကာလရှည် စောင့်ကြည့်နေခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ပေါ်တူဂီ တိုက်စစ်မှုး ကာဗယ်ဟိုဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့တဲ့ ဖူဟမ် အတွက် ၁၀ ဂိုးသွင်းကာ ၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ သူ့ကို လီဗာပူးအသင်းက ပေါင် ၇.၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ယနေ့မှာ အသင်းရဲ့ ကစားသမား အဖြစ် တရားဝင်ကြေငြာမှု လုပ်သွားခဲ့ပါပြီ။
ဆက်လက်ပြီး ကလော့က ကာဗယ်ဟိုဟာ သူ့ရဲ့ ကစားသမား ဘ၀ ဆက်လက် တိုးတက်နိုင်ရန် တကယ့်ကို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ရောက်လာခဲ့တာ ဖြစ်ကြောင်းလည်း ပြောလိုက်ပါတယ်။
ကလော့က “နောက်ဆုံးမှာတော့ ဖေဘီယိုကို ကြိုဆိုနိုင်ခဲ့ပြီး ကျွန်တော်တို့ ပရိတ်သတ်တွေနဲ့ ကောင်းကောင်း မိတ်ဆက်ပေးနိုင်ခဲ့တာ တကယ် ကောင်းပါတယ်။ သူဟာ တကယ့်ကို အရည်အသွေးမြင့် ကစားသမားပါ။
သူဟာ ပရိတ်သတ်တွေကို ထိုင်ခုံကနေ ထကာ မတ်တပ်ရပ်ပြီး ကြည့်ရအောင် လုပ်နိုင်သူပါ။ သူ့ရဲ့ ကစားပုံတွေထဲမှာ သူ့ရဲ့ ပင်ကိုယ် ထူးခြားတဲ့ အရည်အသွေးတွေ ပါဝင်နေပါတယ်။ သူဟာ ယုံကြည်မှု ရှိကာ ဘောလုံးနဲ့ အတူ စွန့်စား ကစားတဲ့သူပါ။ သူဟာ တစ်စုံတစ်ခု ဖြစ်လာအောင် လုပ်ပေးချင်တဲ့ ကစားသမားပါ။

သူဟာ နေရာစုံ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား ဖြစ်ပြီး သူ့ရဲ့ ဖန်တီးမှုတွေ နဲ့ ပေါက်ကွဲ ကစားပုံတွေဟာ ပြိုင်ဘက်တွေကို များစွာ ခြိမ်းခြောက်နိုင်စွမ်း ရှိပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရာသီက ဖူဟမ်မှာ ကောင်းမွန်လှတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဖေဘီယိုဟာ ဒီအတွက် ထိုက်တန်တဲ့ အသိအမှတ် ပြုမှုတွေ ရထားခဲ့ပါတယ်။ ပြောစရာတော့ မလိုပေမယ့် အားလုံးကို Remind လုပ်ချင်တာကတော့ သူ့ကို စိတ်ရှည်ပေးဖို့ လိုအပ်တယ် ဆိုတာပါပဲ။
ဒါဟာ သူ့အတွက် နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပေမယ့် သူဟာ ဒါကို ကောင်းကောင်း ဖြေရှင်းနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ သူ့ကို လီဗာပူး အတွက် ခေါ်ယူသွားဖို့ ကာလရှည် စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။
သူဟာ လေ့လာသင်ယူဖို့နဲ့ တိုးတက်ဖို့ အတွက် အရမ်းကို ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။ လီဗာပူး အဝတ်လဲခန်းထဲမှာ သူ့ကို ကောင်းကောင်း အထိုင်ကျအောင် ကူညီပေးနိုင်မယ့် ဘောလုံးလောကရဲ့ အကောင်းဆုံး ဆရာတွေ ရှိနေပါတယ်။
ကျွန်တော်တို့ဆီမှာ ဖေဘီယိုလို ကစားသမားမျိုး အနေနဲ့ တိုးတက်လာအောင် အများကြီး သင်ယူ လေ့လာသွားနိုင်ပါတယ်။ ကျွန်တော့်ဘက်ကလည်း သူနဲ့ အတူ အလုပ်အတူ တွဲလုပ်သွားဖို့ ရင်ခုန်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။