လှုပ်ခတ်လာတဲ့ ရော်နယ်ဒို သတင်းများ၊ အန်တိုနီ၊ ဘီလော့တီ၊ ရက်ရှ်ဖို့ဒ်တို့နဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
မန်ယူနည်းပြ တန်ဟက် ကတော့ စီ ရော်နယ်ဒို ကို ထွက်ခွင့်ပေးမယ် ဆိုရင် အေဂျက်မှ အန်တိုနီ ကို အစားထိုး ခေါ်ယူပေးဖို့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားပါတယ်။ အန်တိုနီ အတွက် အေဂျက်က ပေါင် သန်း ၇ဝ ဈေး သတ်မှတ်ထားတာကြောင့် မန်ယူ အကြီးအကဲတွေက လက်တွန့်နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းနေရာအတွက် တိုရီနိနဲ့ လမ်းခွဲထားတဲ့ အီတလီ တိုက်စစ်မူှး ဘီလော့တီ ကို ပစ်မှတ်ထားသင့်တယ်လို့ မန်ချက်စတာညနေခင်း သတင်းက တိုက်တွန်းခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ လာပေါ်တာကတော့ ကွင်းလယ်ကစားသမား ဖရန်ကီ ဒီဂျောင် အတွက် မန်ယူအသင်းနဲ့ ဘာစီလိုနာကြား သဘောတူညီမှုရတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူတို့အနေနဲ့ နယ်သာလန်ကြယ်ပွင့်ကို ရောင်းချသွားဖို့ရာ အစီအစဉ်မရှိကြောင်း ပြတ်ပြတ်သားသား ဆိုလိုက်ပါတယ်။

လက်ရှိမှာ ကာဗာနီက မန်ယူ ကနေ ထွက်ခွာထားပြီး စီရော်နယ်ဒိုရဲ့ အနာဂတ်ကလည်း မရေရာလို့ မန်ယူအနေနဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ရမှာပါ။ ၂၈ နှစ်အရွယ် ဘီလော့တီကို တိုရီနိုနဲ့ သက်တမ်း ကုန်ဆုံးခဲ့ပြီဖြစ်လို့ သူ့ကိုအလွတ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရိုးမားဂန္ထဝင်ကစားသမားကြီး တော့တီက သူ့အသင်းဟောင်း ရိုးမားအနေနဲ့ သတင်းတွေ ထွက်ပေါ်နေသလို မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး စီရော်နယ်ဒိုကို အမှန်တကယ် ခေါ်နိုင်ခြင်း မရှိဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
”ရိုးရိုးသားသား ပြောရရင် စီရော်နယ်ဒိုအနေနဲ့ ရိုးမားကို ရောက်လာမယ်လို့ ကျွန်တော်ဘယ်တော့မှ မယုံပါဘူး။ အသင်းရဲ့ လက်တွေ့ အခြေအနေမှန်ကို ကျွန်တော် သိပါတယ်”လို့ တော့တီက ဆိုခဲ့ပါတယ်။

မန်ယူ တိုက်စစ်မှူး ရက်ရ်ှဖို့ ကတော့ သူ့အနေနဲ့ နည်းပြသစ် တန်းဟက်ရဲ့ လက်အောက်မှာ ကစားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လာမယ့် ရာသီကြိုခြေစမ်းပွဲမှာ အကောင်းဆုံး ပုံစံပြန်လည်ရှာဖွေနိုင်တာက သူ့ကို ရာသီသစ်အတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဘာစီလိုနာနည်းပြဇာဗီက သူ့ရဲ့အသင်းဖော်ဟောင်း မက်ဆီဟာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုထက် ပိုကောင်းကြောင်း၊ မက်ဆီက ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်ပြီး အားလုံးနဲ့ခြားနားသူဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ သူ့ကိုယ် သူကတော့ အကောင်းဆုံးလို့ ထင်မြင်နိုင်ပေမဲ့ မက်ဆီနဲ့တော့ နှိုင်းယှဉ်လို့မရကြောင်း ဆိုခဲ့ပါတယ်။