မန်ယူ ကစားသမားတွေကို ရာသီကြို ထရိန်နင်မှာတင် စိတ်ပျက်၊ လက်လန်နေတဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြသစ် တန်ဟက်ကတော့ မန်ယူ ကစားသမားတွေ ကို ထရိန်နင်မှာတင် စိတ်ပျက်၊ လက်လန်နေပြီ ဖြစ်ပါတယ်။ ရာသီကြို ထရိန်နင်မှာကတည်းက ကစားသမားတစ်ချို့က သူ့ရဲ့နည်းစနစ်ပိုင်းကို လုံးဝမလိုက်နိုင်တာကို တန်ဟတ် တစ်ယောက် မျက်မြင် တေ့ွရှိနေရပြီ ဖြစ်ပါတယ်။
တန်ဟက်က ဒီတစ်ပတ်ထဲမှာ မန်ယူ စီနီယာကစားသမား အစုံအလင်နဲ့ ဘောလုံးပေးပို့မှုနဲ့ ရွေ့လျားပုံ ထရိန်နင်တွေကို လေ့ကျင့်စေခဲ့ပါတယ်။ အထူးသဖြင့် အလယ်မှာ ကစားသမား ၂ ယောက်ကနေရာယူပြီး တောင်ပံ ၂ ဖက် ကစားသမားတွေက တိုက်စစ်ကို တောက်လျှောက်ပြေးပြီး ဘောလုံးပေးပို့မှုကို ဦးစားပေးလေ့ကျင့်ခဲ့ပါတယ်။
ဒီကစားဟန်ဟာ အသင်းဖော်တွေကြား နားလည်မှုနဲ့ ကိုယ်တိုင်ကလည်း စကေးရှိဖို့ အရေးအကြီးဆုံးဖြစ်သလို တောင်ပံကစားသမားတွေကလည်း ကွင်းလယ်ကပေးပို့မှုကို ကောင်းကောင်းလက်ခံနိုင်မှသာ တိုက်စစ်ကို အလွယ်တကူ ဖိအားပေးနိုင်မှာ ဖြစ်ပါတယ်။
အင်္ဂါနေ့က MUTV မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာဆိုရင် လက်ထောက်နည်းပြတွေဖြစ်တဲ့ စတိဗ် မက္ကလာရင်နဲ့ မစ်ချယ်ဗန်ဒါဂတ်တို့က ကစားသမားတွေကို အနောက်ကနေ နည်းစနစ်တွေ ဆက်တိုက်အော်ဟစ်ညွှန်ကြားနေတာ တွေ့ရပါတယ်။

ကစားသမားအချို့က အမှားတွေပြုလုပ်ခဲ့ကြပြီး ပထမဆုံးအမှားလုပ်တဲ့ ကစားသမားကတော့ ဘရူနိုဖာနန်ဒက်စ်ပါ။ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုဟာ ညာသန်ကစားသမား အန်တိုနီအီလန်ဂါရဲ့ ဘယ်ဘက်ကို ရောက်သွားတာကြောင့် မက္ကလာရင်က “ညာဘက်ကိုပို့လေ ဘရူနို၊ ညာခြေထောက်ဘက်ကို ပေးရမှာ”ဆိုပြီး အော်ခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဒီယိုဂိုဒါလော့က တစ်ပုံစံတည်းအမှား လုပ်ခဲ့ပြန်ပါတယ်။ ညာသန် စကော့မက်တွန်မီနေးရဲ့ ဘယ်ခြေဆီကိုပဲ ပို့ခဲ့တာကြောင့် အနောက်ကနေ နည်းပြတစ်ယောက်ရဲ့ “ညာဘက် ပေးဟ”ဆိုတဲ့ အော်သံ ထွက်လာပါတယ်။
တတိယအမှားလုပ်သူကတော့ မားကပ်ရက်ရှ်ဖို့ဒ်ဖြစ်ပြီး အီလန်ဂါရဲ့ ဘယ်ခြေထောက်ထဲကိုပဲ ဘောလုံးပေးခဲ့ပြန်ပါတယ်။ “ညာဘက်ကိုပေးစမ်း မားကပ်စ် ” ဆိုပြီး ဒီတစ်ခါအော်သံကတော့ ပိုကျယ်ပြီး ဒေါသသံတောင် ပါလာတာတွေ့ရပါတယ်။
ဒီအချိန်မှာ တန်ဟတ်ဝင်လာခဲ့ပြီး “ဟေး အမှားလုပ်နေတာတွေ အရမ်းများနေပြီ ” အသံခပ်ကျယ်ကျယ်နဲ့ ပြောခဲ့ပါတယ်။

လက်ရှိ မန်ယူနိုက်တက် ကစားသမားတွေရဲ့ နံပါတ်တစ် အားနည်းချက်က ဘောလုံးကို လျင်လျင်မြန်မြန်နဲ့ မပေးနိုင်တာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရာသီက အဝေဖန်ခံရဆုံး ကစားသမားဖြစ်တဲ့ ဟယ်ရီ မက်ဂွဲရားကိုတော့ နည်းပြ တန်ဟတ်က “ပေးတာ ကောင်းတယ် ဟယ်ရီ”ဆိုပြီး ချီးကျူးခဲ့တာတွေ့ရပါတယ်။
နည်းပြတန်ဟက် လက်အောက်က အေဂျက်စ်ဟာ နယ်သာလန်လိဂ်မှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံးအသင်း တစ်သင်း ဖြစ်ပြီး မန်ယူရဲ့ ပြီးခဲ့တဲ့ရာသီ ပျှမ်းမျှဘောလုံးပိုင်ဆိုင်မှု ရရှိနှုန်းကတော့ ၅၂% သာ ရှိခဲ့ပါတယ်။
မန်ယူကို ဒီနွေ ရောက်လာဖို့ ရှိနေတဲ့ ဖရန်ကီဒီဂျောင်နဲ့ ခရစ္စတီယန် အဲရစ်ဆင်တို့ ကတော့ ထရိန်နင်က အခြေအနေ တွေကို ပြင်ဆင်နိုင်မယ်လို့ ယုံကြည်ရပြီး အေဂျက်စ်ရဲ့နည်းစနစ်တွေနဲ့ အသားကျပြီးသား ကစားသမားတွေဖြစ်လို့ တန်ဟက် နှစ်သက်တဲ့ ပေးပို့မှုတွေကို ဒီကစားသမား ၂ ယောက် ပြုလုပ်နိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ရပါတယ်။