ဆိုးရှားကို ရာထူးမထုတ်လို့ မန်ယူအသင်းတွင်းမှာ မကျေလည်မှုတွေဖြင့် အက်ကွဲမှုရှိနေ
ယူနိုက်တက်ဟာ လက်တလောမှာ ရှုံးပွဲတွေ ဆက်ပြီး ဖိအားတွေ ရှိနေပေမယ့် ကလပ်ဘုတ်အဖွဲ့က ဆိုးရှားကို ထုတ်ပယ်ဖို့ အလောတကြီး မစဉ်းစားထားဘူးလို့ သိရပါတယ်။
စပါးပွဲကြို မန်ချက်စတာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်ကို နည်းပြ အိုလေ ဂန်နာ ဆိုးရှား ကြီးကြပ် သွားခဲ့တယ်။ အသင်းရဲ့ ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ဟာလည်း လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး ဆိုးရှားနဲ့ အသင်းသားတွေကို အားပေး စကား ပြောဆို သွားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ ပေါလ်ပေါ့ဘာကတော့ နည်းပြဆိုးရှားကို အတော်လေး စိတ်ပျက်နေပြီး သူ့ကို ရာသီကုန်အထိ အသင်းမှာ ဆက်ခန့်မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ထားကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၈လကျော်သာ ကျန်တော့ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိရင် ရာသီကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့်သူပါ။ ကလပ်ဘက်က ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပေမယ့် ကစားသမားကတော့ ဆိုးရှားအပေါ် အမြင်မကြည်ဖြစ်နေခဲ့ပါတယ်။
ယူနိုက်တက် အဝတ်လဲခန်းထဲမှာ ဆိုးရှားရဲ့ နည်းစနစ်ပိုင်း အားနည်းမှုတွေကို ထောက်ပြသူတွေ ရှိနေပြီး အဲ့ထဲမှာ ပေါ့ဘာလည်း ပါဝင်နေတယ်။ အဲ့လို ထောက်ပြခြင်းကြောင့်လည်း ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ ပွဲမှာ ပွဲထွက်ကစားခွင့် ဆုံးရှုံးထားပါတယ်။
သတင်းထောက် ရိုမန်နိုရဲ့ အဆိုအရ ပေါ့ဘာဟာ ရိုနယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့လို ထိပ်တန်း ကစားသမားတွေ ရောက်လာပြီးနောက် မန်ချက်စတာမှာ ဆက်နေဖို့ စိတ်ဆန္ဒ ပြင်းပျနေပေမယ့် ဆိုးရှားသာ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင် ထွက်ခွာဖို့ကိုပဲ ဦးစားပေး ဆုံးဖြတ်ထားတယ်လို့ သိရတယ်။
လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လာမယ့် ပွဲစဉ် ၃ပွဲမှာသာ ရလဒ်တွေ ဆက်လက် ဆိုးဝါးနေမယ် ဆိုရင် ဆိုးရှားကို ရာထူးကနေ ထုတ်ပယ်မှာပဲ ဖြစ်ပါတယ်။