ချယ်ဆီးမှာ စံချိန်တင် လစာ ယူဖို့ ပြောင်းလာတော့မယ့် မန်စီးတီးနဲ့ အင်္ဂလန် တိုက်စစ်သမား စတာလင်း

မန်စီးတီး တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်း ဟာ ချယ်ဆီးအသင်း ထံ စံချိန်တင် လုပ်ခလစာနဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း အင်္ဂလန် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပိုင်ရှင်သစ် ပြောင်းထားတဲ့ ချယ်ဆီး အသင်းက ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တောင်ပံတိုက်စစ် အင်အားမြှင့်တင်နိုင်ဖို့ အတွက် ထိပ်တန်း တောင်ပံတိုက်စစ် ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး စတာလင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ရာဟမ် စတာလင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်နေပေမယ့် မန်စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို အသင်းနဲ့လည်း စာချုပ်သစ် ချုပ်ဆိုဖို့ မရေရာတာကြောင့် ဒီနွေမှာပဲ စီးတီးက ချယ်ဆီးထံ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်ဆီးက စတာလင်းကို ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ တရားဝင် သဘောတူညီမှု ရထားပြီ လို့ သိရပါတယ်။ ဒါ့အပြင် စတာလင်းကလည်း ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် မက်လောကလည်း စတာလင်းဟာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပါတယ်။

စတာလင်းက အသင်းသစ် ချယ်ဆီးမှာ လက်ရှိ မန်စီးတီးကသူ့ရဲ့ လုပ်ခလစာ ဖြစ်တဲ့ ပေါင်၃သိန်းထက် ပိုများတဲ့ လုပ်ခလစာ ပမာဏ တရပ်ကို ရရှိဖို့ ရှိနေကာ စတာလင်းဟာ ချယ်ဆီးရဲ့ သမိုင်းတလျှောက် လုပ်ခလစာ အမြင့်ဆုံး ကစားသမား ဖြစ်လာမယ်လို့ ဆိုပါတယ်။