ဘင်ဖီကာမှ ဂရီမာဒို၊ လက်စတာမှ တိုင်လီမန့်စ်၊ မာတင်နယ်လီကို ချီးကျူးတဲ့ ဂျေးဆုနဲ့ အာဆင်နယ် သတင်းတိုများ
အာဆင်နယ်အသင်းဟာ ဘင်ဖီကာ ခံစစ်မှုး အဲလက်စ် ဂရီမာဒို ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိကြောင်း သတင်း ထွက်လာပါတယ်။ ဂန်းနားတို့က ဘယ်စွန်ခံစစ်မှာ တီယာနေး နေရာ ဝင်ကူနိုင်မယ့် သူ တစ်ဦး ခေါ်ယူလိုနေပါတယ်။
အာဆင်နယ်တိုက်စစ်မှူးသစ် ဂျေးဆုက ဘရာဇီးအသင်းဖော် လူငယ်ကြယ်ပွင့် မာတင်နယ်လီ အား ချီးကျူးခဲ့ပါတယ်။ ဂျေးဆုက “နိုင်ငံအသင်း အတွက် လာပြီး ပူးပေါင်းတဲ့အခါ မာတင်နယ်လီရဲ့ အရည်အသွေးကိုတွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်မှာ သူ လုပ်ပြနေတာတွေ အတွက် ကျွန်တော် မအံ့သြတော့ပါဘူး။ သူက ဥရောပ အသင်းကြီး တစ်သင်းမှာ ကစားဖို့ အရည်အသွေးရှိသူပါ”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ချက်ဇ်ကြယ်ပွင့် တိုက်စစ်မှူး Adam Hlozek ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၁၉ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ လေဗာကူဆင်ကို မရောက်ခင်မှာ အာဆင်နယ်က ကြားဖြတ် ခေါ်ဖို့ ကြိုးပမ်းခဲ့ကြောင်း၊ ဒါပေမဲ့ အာဆင်နယ်နဲ့ ညှိနှိုင်းမှုက အဆင်မပြေခဲ့ကြောင်း ကစားသမားရဲ့ ဖခင်က ထုတ်ဖော်ခဲ့ပါတယ်။
ရီးရဲလ်ဘက်တစ် တိုက်စစ်မှူး ဘော်ဂျာက အာဆင်နယ် နောက်ခံလူ ဘယ်လာရင်ကို အသင်းထံ ပြန်လာ စေချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဘယ်လာရင်အနေနဲ့ ဘက်တစ်ကိုအပြီးသတ်ပြောင်းရွှေ့လိုပေမဲ့ ဘက်တစ်က အာဆင်နယ် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးလိုဘဲ အလွတ်နဲ့သာ ခေါ်လိုနေတာပါ။
အာဆင်နယ်အနေနဲ့ အဓိကပစ်မှတ်ထားနေတဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အာဆင်နယ်ဟာ တိုင်လေမန့်စ်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူနိုင်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

လိဒ်စ်ကစားသမားဟောင်း ဝီလန်က အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ကစားသမားဟောင်း ဂနာဘရီကို ပြန်ခေါ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။ ဂနာဘရီဟာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိပြီး အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကို တိုးတက်စေမဲ့သူ ဖြစ်ကြောင်း၊ ဂနာဘရီဟာ အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားဖြစ်ကြောင်း ဝီလန်က မှတ်ချက်ပြုခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ အဓိကပစ်မှတ်ထားနေတဲ့ အေဂျက်ဇ်နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ ှSky Sport သတင်းထောက်တစ်ဦးက ဆိုထားပါတယ်။
လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာအနေနဲ့ လန်ဒန်မြို့ကို မနှစ်မြို့တဲ့ အေးဂျင့်ဖြစ်သူ ဒေကိုကြောင့် အာဆင်နယ်ကို ငြင်းခဲ့ရတာလို့ တောင်အမေရိက ဘောလုံး expert တင်ဗစ်တာရီက သုံးသပ်ခဲ့ပါတယ်။