မန်ယူ အသင်းသားတွေကို ကြပ်မတ်ဖို့ နည်းပြ တန်ဟက် ထုတ်ပြန်ထားတဲ့ စည်းကမ်းကြီး ၅ ချက်
မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် အဲရစ် တန်ဟတ်ကတော့ အသင်းကို တင်းကြပ်လွန်းတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အတူ အရင်လို ထိပ်တန်းအဆင့်ကို ပြန်ရောက်ဖို့ ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
တန်ဟတ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ရာသီကြိုလေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ရာသီကြိုမှာ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေ အပြင် လက်ရှိမှာ တန်ဟတ်ဟာ စည်းကမ်းပိုင်းဆိုင်ရာတွေကိုလည်း တင်းကြပ်ဖို့ လုပ်ဆောင်နေပါတယ်။
အရေးအကြီးဆုံး အနေနဲ့ တန်ဟတ်ဟာအဝတ်လဲခန်း သတင်းအချက်တွေ မပေါက်ကြားဖို့ အထူးဂရုပြုလုပ်နေပါတယ်။ အဝတ်လဲခန်း အချက်အလက်တွေ ပေါက်ကြားစေတဲ့ ဝန်ထမ်းကို ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။

ဒုတိယ စည်းကမ်းကတော့ ကစားသမားတွေ လေ့ကျင့်ရေးကွင်း နောက်ကျတာ၊ အသင်း အစည်းအဝေး တွေ နောက်ကျရင် ဘယ်လို ကစားသမားကိုမဆို ပွဲထွက်ကနေ ချန်လှပ်သွားမှာပါ။
ကြားရက်တွေမှာ ပွဲစဉ်ရှိတဲ့ ရက် သတ္တပတ်မျိုးမှာ တန်ဟတ်အနေနဲ့ကစားမားတွေကို အရက်၊ ဘီယာ သောက်သုံးခွင့် ပြုသွားမှာလည်း မဟုတ်ပါဘူး။ အစားအသောက်ပိုင်းနဲ့ ပတ်သက်ပြီးလည်း တန်ဟတ်ဟာ ဂရုတစိုက် လုပ်ဆောင် သွားမှာပါ။
ကစားသမားတွေအနေနဲ့ သူတို့စိတ်ကြိုက် စားဖိုမှူးထားရှိတာထက်စာရင် အားလုံးကို တူညီတဲ့ စာဖိုမှူးတွေကပဲ ဟင်းလျာပွဲတွေ ပြင်ပေးဖို့ကို အလိုရှိနေပါတယ်။ ကာရင်တန် လေ့ကျင့်ရေးကွင်းကိုလည်း တန်ဟတ်က ပြုပြင်ပြောင်းလဲသွားမှာဖြစ်ပြီး ကစားသမားတွေကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက် စတာတွေကို အရင်ကထက် ပိုပြီး စနစ်တကျ စားသောက်စေကာ BMI ကိုလည်း လတိုင်း စစ်ဆေးသွားမှာပါ။
နောက်ဆုံး စည်းကမ်းအနေနဲ့ ကစားသမားတွေအနေနဲ့ အသင်းမှာ ပြဿနာတစ်စုံတစ်ရာ ရှိခဲ့ရင် သူ့ဆီ လာရောက် ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ကစားသမားတွေ အနေနဲ့ အေးဂျင့်တွေ၊ တခြားသူတွေဆီ ပြသနာတွေကို မဖြန့်ဝေစေလိုပါဘူး။
တန်ဟတ်ကတော့ သူ့စိတ်ကူးထဲက မန်ချက်စတာ ယူနိုက်တက် အသင်းသစ်ကို ဖန်တီးဖို့ စိတ်အားထက်သန် နေပြီး သူ့ရဲ့ စိတ်ကူးအိပ်မက်တွေလက်တွေ့ဖြစ်လာမလား တင်းကြပ်တဲ့ စည်းကမ်းတွေကို မန်ယူအသင်းသားတွေ လိုက်နာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။