ဘယ်လင်ဟမ် ခေါ်ဖို့ ထောက်ခံမှု၊ ဖောရက်စ် သွားတော့မယ့် နီကို ဝီလီယံ၊ ချီးကျူးခံရတဲ့ အာနိုးနဲ့ နောက်ဆုံးရ လီဗာပူး သတင်းများ
လီဗာပူး ခေါ်ယူလိမ့်မယ်လို့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်ကြယ်ပွင့်လေး ဂါဗီဟာ ဘာစီလိုနာ အသင်းနဲ့ပဲ ကာလရှည်သက်တမ်းတိုး စာချုပ်သစ် တရပ် ချုပ်ဆိုနိုင်ဖို့ရာ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
လီဗာပူး အသင်းဟာ ညာနောက်ခံကစားသမားလေး နီကို ဝီလီယံစ်ကို ပရီးမီးယားလိဂ်သို့ တန်းတက် လာတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းဆီကို ရောင်းချဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်သားလေးအတွက် လီဗာပူး က ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်းခန့် ရရှိသွားမှာဖြစ်ပြီး ဆေးစစ်ဖို့နဲ့ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့သာ ကျန်ရှိတော့တာပါ။
လီဗာပူး နောက်နှစ် ခေါ်ဖို့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်အသင်းရဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်လေး ဂျုဒ် ဘယ်လင်ဟမ်ဟာ အသင်းရဲ့ လူစာရင်းကို ပိုမိုအင်အားတောင့်တင်းသွားစေမဲ့ ကစားသမားမျိုးဖြစ်ကြောင်း လီဗာပူး ကစားသမားဟောင်း ဒန်နီ မာဖီက မှတ်ချက်ပြုခဲ့ပါတယ်။

ကွင်းလယ်ကစားသမား ဂျီနီ ဝိုင်နယ်ဒန်အနေနဲ့ လီဗာပူး အသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်လိုက်တာဟာ အမှားတခု ကျူးလွန်ခဲ့မိတာဖြစ်ကြောင်း နယ်သာလန်ကြယ်ပွင့်ဟောင်း ရာဖအဲလ် ဗန် ဒါ ဗတ်သ်က မှတ်ချက်ပြုခဲ့ပါတယ်။
ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေမှာ အားလုံးအပြိုင် ကြိုးစားပြီး ရာသီသစ်မှာ အခွင့်အရေးရဖို့ရာ ပြင်ဆင်ရတာဟာ အကြီးမားဆုံး စိန်ခေါ်မှုတခုဖြစ်ကြောင်း လူငယ်ကြယ်ပွင့်လေး ရိုင်းစ် ဝီလီယံ က ဖွင့်ဟလာပါတယ်။
လိဒ်ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ဟောင်း နိုရဲလ် ဝီလန်က လီဗာပူးလ်အသင်းရဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ် ဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံကစားသမားတွေထဲက တဦးဖြစ်ပြီး အသင်းတိုင်းကို ကြောက်ရွံ့စေတတ်တဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့လည်း ဗဟိုနောက်ခံကစားသမား ဂျိုးလ် ဂိုးမက်ဇ်ဟာ နောက်ဆုံးမှာတော့ အန်းဖီးလ်မှာပဲ ဆက်ကစားဖို့ ရွေးချယ်ခဲ့ကာ လီဗာပူးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် အင်္ဂလန်သားကို ပရီးမီးယားလိဂ်ကလပ်အသင်းအချို့က စိတ်ဝင်စားခဲ့ပေမဲ့လည်း လီဗာပူးနဲ့ ၂၀၂၇ ထိ သက်တမ်းတိုးခဲ့တာပါ။