အာဆင်နယ်နဲ့ ပွဲဦးထွက်မှာတင် ဂိုးသွင်းခြေစွမ်းပြသွားတဲ့ ဂျေးဆု ကတော့ ပရိသတ် အချစ်တော် ဖြစ်လာပါပြီ
ဂန်းနား တိုက်စစ်မှုးသစ် ဂါဘရီရယ် ဂျေးဆု ဟာ သောကြာနေ့ညနေက နုရင်ဘတ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရယူသွားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ယခုနွေရာသီအစောပိုင်းမှာ ဂါဘရီရယ် ဂျေးဆု ကို မန်ချက်စတာ စီးတီး အသင်းကနေ ပေါင် ၄၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂျာမနီမှာ နုရင်ဘတ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ လူစားဝင် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ပထမပိုင်းမှာ နုရင်ဘတ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်နေခဲ့တာကြောင့် နည်းပြ အာတီတာက ဒုတိယပိုင်းမှာ ဂျေးဆု ကို ပွဲဦးထွက်ပါဝင်ကစားခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ဂျေးဆုဟာ ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ တော်တော်လေးကို ကောင်းမွန်နေခဲ့တာကြောင့် အာဆင်နယ် အသင်းဟာ ထူးထူးခြားခြား ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ နောက်ဆုံးမှာတော့ နုရင်ဘတ်အသင်းကို ၅-၃ နဲ့ အနိုင်ရရှိသွားခဲ့ပြီး ဂျေးဆု က အာဆင်နယ်ရဲ့ သွင်းဂိုး ၅ ဂိုးမှာ ၄ ဂိုးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
ဂျေးဆု ဟာ လူစားဝင်ကစားခဲ့ပြီးနောက် ၈၄ စက္ကန့်အကြာမှာပဲ အာဆင်နယ်ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နကီးတီးယားနဲ့ အပေးအယူလုပ်ပြီးနောက် ထောင့်ကျဉ်းကနေ ဂိုးထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပြီးတဲ့နောက် ပွဲကစားချိန် ၇၅ မိနစ်မှာ ဂျေးဆုက ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို အနီးကပ် ခေါင်းတိုက် ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ နုရင်ဘတ်ရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ သွင်းဂိုး ၂ ဂိုး မှာလည်း ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ပရိသတ်တွေဟာ ဂျေးဆုရဲ့ ပွဲဦးထွက်စွမ်းဆောင်ရည်ကြောင့် အလွန်စိတ်လှုပ်ရှား ပျော်ရွှင်ခဲ့ကြပြီး ပြီးခဲ့တဲ့ရာသီတုန်းကလို သွင်းဂိုးတွေ ရရှိဖို့ အာမခံချက်မရှိတဲ့ အခြေအနေကနေ လွတ်မြောက်ခဲ့ပြီလို့ ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။
ဂါဘရီရယ်လ် ဂျေးဆုဟာ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကို ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့ လိုအပ်တဲ့ သွင်းဂိုးတွေကို သွင်းယူပေးနိုင်တဲ့ ကစားသမားဆိုတာ သက်သေပြသနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။