ချယ်ဆီးထက်သာအောင် ဂျူဗီ ခံစစ်မှုး ဒီလစ်ကို ဈေးအကြမ်းကြီးပေးပြီး ကမ်းလှမ်းတဲ့ ဘိုင်ယန်မြူးနစ်

ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကတော့ ချယ်ဆီးနဲ့ အပြိုင် လိုက်နေတဲ့ ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ်လို့ ဥရောပအခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစစ်မှူး ဒီလစ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုခံစစ်မှူးတွေ ထဲ တဦး အပါအဝင် ဖြစ်သလို သူ့ရဲ့ အသက်အရွယ်နဲ့ ခြေစွမ်းကြောင့် လာမယ့် နှစ်အနည်းငယ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး အဖြစ် ဖြစ်လာဖွယ်ပါ ရှိနေပါတယ်။

ဒီ နွေဈေးကွက် အတွင်းမှာ ဥရောပ အင်အားကြီးအသင်း နှစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချယ်ဆီးတို့က ဒီလစ်ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်းနေကြတာ ဖြစ်ပြီး ဒီလစ်ကလည်း နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်ကို စွန့်ခွာဖို့ စဉ်းစားနေပါတယ်။

လက်ရှိမှာတော့ ချယ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်တို့ နှစ်သင်းစလုံးက ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ဂျူဗင်တပ်နဲ့ရော ကစားသမားနဲ့ပါ ဆွေးနွေးမှုတွေ အပြိုင်အဆိုင် ပြုလုပ်ထားကြပြီး ဂျူဗင်တပ်ကလည်း သူတို့အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒီလစ်ကို စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ရရင် ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။

Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က မကြာခင်မှာပဲ ဒီလစ်အတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း + အပိုဆုကြေး ယူရို ၁၅သန်း စုစုပေါင်း ယူရို ၉၀သန်း တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေပြီး ဂျူဗင်တပ်ဘက်က သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

ဂျာမန်အခြေစိုက် Bild သတင်းဌာန ကလည်း ဘိုင်ယန်မြူးနစ်ဟာ ဒီလစ်ကို ခေါ်ယူဖို့ နီးစပ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး ဒီလစ်က ချယ်ဆီးကို ငြင်းကာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသလို ဂျူဗင်တပ်ကလည်း ဒီလစ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ ရှိနေကြောင်း ဆိုထားပါတယ်။