စီ ရော်နယ်ဒို ပုံကို ပြပြီး မန်ယူအသင်းက အာရှ ဘောလုံးပရိသတ်တွေကို ဂျင်းထည့်လိုက်တာလား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရာသီကြိုခရီးစဉ်အတွက် ပိုစတာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပုံကို အဓိကထား ကြော်ငြာခဲ့ပေမယ့်လည်း ထိုင်းနိုင်ငံကို ထွက်ခွာမယ့် ရာသီကြိုခရီးစဉ်မှာ လိုက်ပါခြင်းရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူးဟာ မိသားစု ကိစ္စလို့ အကြောင်းပြပြီး အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးကို ၄ ရက်ဆက်တိုက် ပျက်ကွက်ထားပါတယ်။

မန်ယူက ရော်နယ်ဒို ရဲ့ ဆင်ခြေပေးမှုကို လက်ခံခဲ့ပေမယ့်လည်း ရော်နယ်လ်ဒို ပါဝင်မှာဖြစ်တာကြောင့်ကြီးမားတဲ့ စပွန်ဆာ ငွေကြေးပမာဏ ပေးချေခဲ့တဲ့ ထိုင်းနဲ့ သြစတြေးလျနိုင်ငံတို့လို နိုင်ငံတွေကို သွားရောက်ကစားရမယ့် ခရီးစဉ်အတွက် လိုက်ပါနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်လ်ဒိုဟာ ယနေ့မှာ ထိုင်းနိုင်ငံကို ထွက်ခွာမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကြို ခရီးစဉ်ကို အသင်းနဲ့အတူ လိုက်ပါနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါက ရော်နယ်လ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတယ်ဆိုတာကို ညွှန်ပြနေတာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆု ရှင်ဟာ ပြီးခဲ့တဲ့အပတ်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ကို အသိပေးထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေဟာ ယနေ့မှာ ရာသီကြိုခရီးစဉ်အတွက် ထိုင်းနိုင်ငံကို ထွက်ခွာကြတော့မှာ ဖြစ်ပြီး ရာသီကြို ခရီးစဉ်ကြော်ငြာပိုစတာထဲက ရော်နယ်လ်ဒိုရဲ့ ရုပ်ပုံက အာရှပရိသတ်တွေအတွက် ဂျင်းထည့် ခံလိုက်ရသလို ခံစားရစေမှာပါ။

အာရှက မန်ယူ အမာခံ ပရိသတ်တွေနဲ့ အခြား ဘောလုံး ပရိသတ်တွေဟာ ဘလွန်းဒီအော ၅ ဆု ရှင် GOAT စီ ရော်နယ်ဒို ကို အားပေး ကြည့်ရှုဖို့ အားခဲပြီး ဈေးကြီးလွန်းတဲ့ လက်မှတ်တွေကို ကြိုတင် ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။