ပီပီ ရောင်းမယ့် အခက်အခဲ၊ ပရီးမီးယားလိဂ် ယူဖို့ ကြုံးဝါးတဲ့ အယ်နီနီ၊ အဆန်စီရို၊ တော်ရဲရားတို့နဲ့ အာဆင်နယ် သတင်းများ စုစည်းမှု
အာဆင်နယ်နဲ့ စပါးကစားသမားဟောင်း ဂါးလက်စ်ကတော့ မနှစ်ကရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တဲ့အတွက် အာဆင်နယ်နည်းပြ အာတီတာကို ကျရှုံးတယ်လို့ သတ်မှတ်ရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ လန်ဒန်မြို့ခံပြိုင်ဘက် ချဲလ်ဆီးကွင်းလယ်လူ ကန်တေ ကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စား လာကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် သတင်းထောက် ရိုမန်နို ကတော့ အာဆင်နယ်ဘက်က ကန်တေအတွက် ဘာလှုပ်ရှားမှုမှ လုပ်မထားကြောင်း ပြန်လည် ဖော်ထုတ်ထားပါတယ်။
အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ရီးရဲမက်ဒရစ် တိုက်စစ်ကစားသမား အဆန်စီရို ကို နယူးကာဆယ် အသင်းက ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပြီ ဖြစ်ပါတယ်။

ရိုးမားနည်းပြ မော်ရင်ဟိုကလည်း အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားကိုခေါ်ယူဖို့ ကြိုးပမ်းနေပြီး ကစားသမား ကိုယ်တိုင်ကလည်း မော်ရင်ဟိုနဲ့ လက်တွဲချင်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြပါတယ်။
စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ကလည်း တော်ရဲရားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါသေးတယ်။ တော်ရဲရားဟာ သူ့အတွက် နေရာမရှိနိုင်တဲ့ အမ်းမရိတ်စ်ကနေ ထွက်ခွာလိုတယ်လို့အတိအလင်း ဖွင့်ဟထားခဲ့ပါတယ်။
အာဆင်နယ် ကွင်းလယ်လူ အယ်လ်နီနီက ဂျေဇူးကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်ဖို့ထိ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ကြုံးဝါးခဲ့ပါတယ်။

ဗီလာတိုက်စစ်မှူးဟောင်း အဘွန်လဟော်က အာဆင်နယ်အနေနဲ့ နောက်ထပ်တောင်ပံကစားသမားတစ်ဦး ခေါ်ယူဖို့ လိုအပ်နေသေးကြောင်း၊ ဆာကာ၊ စမစ်ရို့စ်နဲ့ မာတင်နယ်လီတို့ဟာ ကစားသမားကောင်းတွေဆိုပေမဲ့ သူတို့ဟာ အလွန် ငယ်ရွယ်သေးကြောင်း၊ ပီပီဟာ အာဆင်နယ်မှာ အလုပ်မဖြစ်ဘဲ သူ့နေရာမှာ အစားထိုးရမှာဖြစ်ကြောင်း ထောက်ပြ တိုက်တွန်းခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ပီပီကို ရောင်းထုတ်ချင်နေသလို ကစားသမား ကိုယ်တိုင်ကလည်း အသင်းပြောင်းချင်ပေမယ့် ပီပီရဲ့ လစာငွေက အခက်အခဲဖြစ်နေပြီး ပီပီအတွက်တော့ အသင်းပြောင်းချင်တယ်ဆိုရင် လစာလျှော့ယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။