လူ ဝယ်ချင်ပေမယ့် ယူရို ၈ သန်းတောင် မထုတ်ချင်တော့ဘဲ နာမည်ကြီး ငမွဲအသင်း ဖြစ်လာတဲ့ ဘာစီလိုနာ

ဥရောပ ဘောလုံးလောကမှာ နာမည်တစ်လုံးနဲ့ လွှမ်းမိုးလာခဲ့တဲ့ ဘာစီလိုနာ အသင်းကတော့ ဒီတလော နှစ်တွေမှာ ဘဏ္ဍာရေးပိုင်း အတော် အကြပ်အတည်း ရှိနေပြီး သူတို့ကြယ်ပွင့် ကစားသမားတွေကို မထိန်းနိုင်သလို ဈေးကွက်ထဲမှာ အလွတ်နဲ့ ရတဲ့ ကစားသမားတွေကိုပဲ ဦးစားပေး ခေါ်နေခဲ့တာပါ။

ဘာစီလိုနာ ဟာ ကစားသမားသစ်တွေ ခေါ်ဖို့ ဘယ်လိုပဲ ချိန်ရွယ်နေ ညှိနှိုင်းနေပါစေ တကယ်တမ်း အိတ်ထဲက ငွေထုတ် ဖို့တော့ အတော် လက်တွန့်နေပြီး ချယ်ဆီးမှ ခံစစ်မှုး ကွီတာကို ခေါ်ယူဖို့ ယူရို သန်း အနည်းငယ်တောင် မပေးလို မပေးနိုင်တော့ဘဲ ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ချယ်ဆီးနောက်ခံလူ အက်ဇ်ပီလီ ကွီတာကို ခေါ်ယူချင်ပေမယ့် ချယ်ဆီးဖက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ယူရို ၈ သန်းကို မပေးချင်ဘူးဖြစ်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာနည်းပြဇာဗီက အသင်းရဲ့ခံစစ်ကြောင်းအတွက် အက်ဇ်ပီလီ ကွီတာလို အတွေ့အကြုံရင့် ကစားသမား တစ်ယောက် ထပ်မံဖြည့်တင်းဖို့ ဆန္ဒပြင်းပြနေသလို ကစားသမားဖက်ကလည်း ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ အသင့်ရှိနေပါတယ်။

ချယ်ဆီးကလည်း ဒီအပြောင်းအရွှေ့ကို ပိတ်ပင်တားဆီးခြင်းမရှိပေမယ့် သူတို့ဖက်ကတောင်းဆိုတဲ့ ယူရို ၈သန်းကြောင့် အခုချိန်ထိ အပြောင်းအရွှေ့က အပြီးမသတ်သေးတာဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင် နေရတာဖြစ်ပြီး ထိုက်သင့်တဲ့ကစားသမားရောင်းချမှုတချို့ ပြုလုပ်ပြီးမှသာ လိုအပ်တဲ့ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အက်ဇ်ပီလီ ကွီတာ၊ ရာဖင်ဟာ အပါအဝင် ကစားသမားအတော်များများနဲ့ ပုဂ္ဂိုလ်ရေး သဘော တူညီမှု ရယူထားနိုင်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကိစ္စညှိနှိုင်းရာမှာ အဆင်မပြေမှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။

အထည်ကြီးပျက် ဖြစ်နေတဲ့ ဘာစီလိုနာဟာ နာမည် တစ်လုံးသာ ကျန်ပြီး ငွေမထုတ်နိုင်တော့တာကြောင့် အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ လိုအပ်တဲ့ကစားသမားခေါ်ယူမှုတွေ၊ ရောင်းချမှုတွေ ပြုလုပ် သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။