ဒီည ခြေစမ်းပွဲ၊ တိုင်လီမန်းစ်နဲ့ နီဗက်စ်၊ ခွင့်လွှတ်လို့ ရတဲ့ ပေါ့ဘာ၊ အသင်းသစ်ရှာဆဲ လင်ဂတ်နဲ့ ယနေ့ မန်ယူ သတင်းတိုများ

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ အင်္ဂါနေ့ည မြန်မာစံတော်ချိန် ရး၃ဝ နာရီမှာ လီဗာပူးအသင်းနဲ့ ခြေစမ်းပွဲ အဖြစ် ဘန်ကောက်မြို့မှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ထိုပွဲကို အနိုင်ရရင် မန်ယူအသင်းဟာ Bangkok Century Cup ဖလား ကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပြီး နည်းပြ တန်ဟက် အတွက် မန်ယူနဲ့ ပထမဆုံး ဆုဖလား ဖြစ်လာနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ လက်စတာကွင်းလယ်လူ တိုင်လေမန့်စ်နဲ့ ဝုဗ် ကွင်းလယ်လူ နီဗက်စ်တို့ဘက်ကို ပြန်လည်မြားဦးလှည့်လာပြီဖြစ်တယ်လို့ Mirror သတင်း က ဖော်ပြထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟတ်က နောက်ခံလူ မက်ဂွဲရားဟာ အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမှာ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မက်ဂွဲရားဟာ မန်ယူ အသင်းခေါင်းဆောင်ဖြစ်ကြောင်းနဲ့ သူက အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ကြောင်း တန်ဟက်က ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ လင်ဒီလော့ဖ်က သူတို့ ကစားသမားတွေအနေနဲ့ နည်းပြသစ် တန်ဟက်ရဲ့ ပြောင်းလဲမှုတွေကြား စိတ်လှုပ်ရှားနေကြကြောင်း၊ တန်ဟက်ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး သင်ယူလိုစိတ် ပြင်းပပြနေပြီး ရှေ့ကို လျှောက်လှမ်းကာ အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

မန်ယူဂန္ထဝင်ဟောင်း ဝိန်းရွန်းနီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ကိုင်တွယ်ဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ရွန်းနီဟာ အခုနွေရာသီမှာ ဒါဘီနဲ့ အံ့အားသင့်ဖွယ်လမ်းခွဲထားခဲ့ပြီး အသင်းဟောင်းကို ကိုင်တွယ်ဖို့ လုပ်ဆောင်နေတာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းလုံးဟာ ဆောက်သမ်တန် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာပီတာစ် ကို စိတ်ဝင်စားနေပါတယ်။ ဒီနှစ်သင်းဟာ အေဂျက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်အတွက်လဲ အပြိုင် ကမ်းလှမ်းခဲ့ပြီး ထိပ်တိုက်တွေ့နေခဲ့တာပါ။

ပေါ့ဘာက မန်ချက်စတာ ယူနိုက်တက်မှာ ယူရို ၁၀၅ သန်းနဲ့ ထိုက်တန်ကြောင်း သက်သေပြဖို့ ခက်ခဲတာကြောင့် မန်ယူမှာ ရုန်းကန်ခဲ့ရတာကို ခွင့်လွှတ်ပေးလို့ရတယ်လို့ ၎င်းရဲ့ ဂျူဗင်တပ် အသင်းဖော်ဟောင်း ဘာဇာဂလီက ဆိုပါတယ်။

ဝက်စ်ဟမ်း ယူနိုက်တက် နည်းပြ ဒေးဗစ် မိုရက်စ် ဟာ မန်ယူနိုက်တက် ကွင်းလယ်လူဟောင်း ဂျက်ဆီလင်ဂတ် ကို အမှန်တကယ် အလိုရှိနေပြီး အရ ခေါ်ယူဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။ လင်ဂတ် ဟာ လက်ရှိမှာ အမေရိက ကို သွားရောက် နေပြီး မေဂျာလိဂ် ကလပ်အချို့နဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။

မန်ယူနဲ့ အတူ ရာသီကြိုမှာ ပူးပေါင်းဖို့ ပျက်ကွက်နေတဲ့ စီ ရော်နယ်ဒိုနဲ့ ပတ်သတ်ပြီး အဲရစ် တန်ဟက်က ရော်နယ်ဒိုက ရောင်းရန် မဟုတ်ကြောင်းနဲ့ အသင်း အစီအစဉ်တွေထဲ ပါဝင်နေဆဲ ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။