တန်ဟက်ရဲ့ မန်ယူ ပထမဆုံးဖလား ပိုက်သွားတဲ့ လီဗာပူးကို နိုင်တဲ့ ရာသီကြို ပွဲမှ ပြောစရာအချက်များ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ကစားခဲ့တဲ့ မန်ယူနဲ့ လီဗာပူးအသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲကတော့ တန်ဟက်ရဲ့ အသင်းက ၄ဂိုးပြတ် အနိုင်နဲ့ ပွဲသိမ်းခဲ့ပါတယ်။ ချစ်ကြည်ရေးဖလားလုပွဲ ဖြစ်တာကြောင့် မန်ယူ အသင်းက ဘန်ကောက်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
အဲဒီပွဲစဉ်က မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး အတွက် ပြောစရာ တွေးဆစရာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

ဆန်ချို အဓိက ကစားသမား ဖြစ်လာမလား
မန်ယူဟာ ဘန်ကောက်မြေမှာ လီဗာပူးကို ပထမပိုင်းမှာကတည်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး တောက်ပခဲ့သူက ဆန်ချို ဖြစ်ပါတယ်။ ဆန်ချိုဟာ မန်ယူကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ လီဗာပးူနဲ့ပွဲက ဆန်ချိုရဲ့ ကစားပုံက သူ့ကိုယ်သူ ယုံကြည်မှု ရှိခဲ့တာဖြစ်ပြီး တန်ဟတ်အနေနဲ့ ဆန်ချိုရဲ့ အကောင်းဆုံးပုံစံတွေကို ပြန်လည်ရှာဖွေပေးမလားဆိုတာ စောင့်ကြည့်ရမှာပါ။
လှောင်ပြောင်စရာ ဖြစ်ခဲ့ရတဲ့ နူနက်ဇ်ရဲ့ အဆုံးသတ်စွမ်းရည်
လီဗာပူးတို့ အားကိုးတကြီး ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကလည်း ဒုတိယပိုင်းမှာ လူစားလဲ ဝင်ရောက် ကစားခဲ့ရပါတယ်။ နူနက်ဇ်ဟာ ဒုတိယပိုင်းမှာ ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံး အခွင့်အရေး တစ်ကြိမ်ရခဲ့ပေမဲ့ သူ့ ကန်ချက်က ဂိုးပေါက်နဲ့ သိသိသာသာ လွဲချော်ခဲ့ပြီး မိုးပေါ်ထောင်ခဲ့ရပါတယ်။ ဒါကြောင့် နူနက်ဇ်ရဲ့ အဆုံးသတ် စွမ်းရည်က လီဗာပူးပရိသတ်တွေအတွက် စိတ်ပျက်ခဲ့ရသလို ပြိုင်ဘက် ပရိသတ်တွေကလည်း လှောင်ပြောင် ခဲ့ကြပါတယ်။

စိတ်လှုပ်ရှား ရင်ခုန်စရာကောင်းခဲ့တဲ့ တန်ဟတ်ဘော
မန်ယူပရိသတ်တွေကတော့ လီဗာပူးနဲ့ပွဲက Ten Hag Ball ကစားကွက်နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားခဲ့ကြပါတယ်။ ပထမပိုင်းမှာ မန်ယူရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ အထူးသဖြင့် ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိနေချိန် ပွဲချိန် ၃၄ မိနစ်မှာ ဒီယာဂီက အစပြုပြီး အပေးအယူ အချိတ်အဆက်မိမိ တိုက်စစ်ဆင်နိုင်ခဲ့ကာ အဆုံးသတ်ချက် ဂိုးတိုင်ထိပြီး ကံခေ ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ မန်ယူရဲ့ ဒီလို ကစားကွက်မျိုးကို ပရိသတ်တွေက ကျေနပ်ခဲ့ကြပါတယ်။

ယာယာတိုရေးအဖြစ် အသွင်ကူးပြောင်းသွားတဲ့ ဘိုင်လီ
လီဗာပူးနဲ့ပွဲက မန်ယူနောက်ခံလူ ဘိုင်လီရဲ့ စွမ်းဆောင်ရည်ကလည်း ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် မန်ယူအသင်း ရရှိခဲ့တဲ့ ပွဲသိမ်းဂိုးက ဘိုင်လီရဲ့ စွမ်းဆောင်မှုကြောင့်လည်း ပါပါတယ်။ ဘိုင်လီဟာလီဗာပူးဆီက ဘောလုံးကို ကြားဖြတ်ရယူခဲ့ပြီး သီယာဂိုကို ပါးပါးနပ်နပ် ကျော်ဖြတ်ခဲ့ကာ အဓိက တိုက်စစ်စတင်သူ ဖြစ်ခဲ့ပါတယ်။ ဘိုင်လီရဲ့ အဲဒီအချက်ကို ပရိသတ်တွေက ယာယာတိုရေးနဲ့ ခိုင်းနှိုင်းခဲ့ကြပါတယ်။