ဒီဂျောင် သဘောတူညီမှု ရခြင်း၊ မက်လောက်စရာ ကမ်းလှမ်းမှု ပယ်ချတဲ့ ဒိုလေးနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဆော်ဒီအာရေးဘီးယား ကလပ်ရဲ့ ၂ နှစ်ကို ပေါင် သန်း ၂၅၀ ဝန်းကျင်ရမယ့် ကမ်းလှမ်း မှုကို ပယ်ချလိုက်ပါတယ်။ ထို ကမ်းလှမ်းမှုမှာ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ရော်နယ်ဒို အတွက် လုပ်ခ တစ်ပတ် ပေါင် ၂သန်း ပါဝင်ခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး သဘော တူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။ ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၁၀သန်း ဖြစ်ပြီး ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး သဘော တူညီမှုရဖို့တော့ ကျန်သေးတယ်လို့ ရိုမာနိုက ဖော်ပြခဲ့ပါတယ်။

ဗီလာ တိုက်စစ်မှူးဟောင်း အဘွန်လဟော်က မန်ယူ အနေနဲ့ ရာသီကြိုခြေစမ်းပွဲမှာ လီဗာပူးကို ၄ ဂိုးပြတ်နိုင်တာ မန်ယူ ပရိသတ်တွေ စိတ်လှုပ်ရှားနေကြပေမဲ့ ဘာမှ အရေးကြီးတာ မဟုတ်ကြောင်း၊ ရာသီကြိုခြေစမ်းပွဲတွေဟာ ကစားသမား တွေရဲ့ ကြံ့ခိုင်မှုကို အဓိက စမ်းသပ်တာဖြစ်ပြီး ကစားရတဲ့နေရာ၊ ရာသီဥတုတွေလည်း ကွဲပြားကြောင်း မှတ်ချက် ပြုခဲ့ပါတယ်။
မန်ယူနောက်ခံလူ ဗာရာနီက နည်းပြသစ် တန်ဟတ်ရဲ့ ကစားပုံက သူတိုနဲ့ အံ့ဝင်မှုရှိကြောင်း၊ လီဗာပူးကို အနိုင် ရရှိခဲ့တာ ပျော်ရွှင်မိပေမဲ့ သူတို့အနေနဲ့ ရာသီသစ်အတွက် အများကြီးကြိုးပမ်းဖို့လိုအပ်နေသေးကြောင်း၊ သူတို့အသင်းဟာ နည်းပြသစ်တန်ဟတ်လက်အောက်မှာ တိုးတက်ရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့အေးဂျင့်ဖြစ်သူက သူ့ကစားသမားကို ခေါ်ယူဖို့ PSG အသင်းကို ကမ်းလှမ်းလိုက်တယ်လို့ ESPN သတင်း ဌာနက ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် PSG ကတော့ ဒီအပြောင်းအရွှေ့ကို စိတ်ပါဝင်စားခြင်းမရှိဘဲ ရော်နယ်ဒိုကို ခေါ်ယူလို့ရမယ့်အခွင့်အရေးကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။
လီဆန်ဒရို မာတီနက်ဇ်ဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ကိုယ်တိုင် ပယ်ချကာ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ရွေးချယ်ထားပြီးဖြစ်လို့ အေဂျက်စ်တာဝန်ရှိသူတွေကို အမြန်ဆုံး အပြောင်းအရွှေ့ကိစ္စ အဆုံးသတ်ပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

မန်ယူအသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲရားဟာ လေ့ကျင့်ခန်းဆင်းစဉ် အသေးစား ဒဏ်ရာကြောင့် လီဗာပူးနဲ့ ခြေစမ်းပွဲကို လွဲချော်ခဲ့သော်လည်း လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လေ့ကျင့်ခန်း ပြန်ဆင်းနေခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လီဗာပူးကို ၄-၀ နဲ့ အနိုင်ရပြီးနောက် ညတွင်းချင်းပဲ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ် ဆက်လက် ကစားဖို့အတွက် သြစတေးလျနိုင်ငံကို ဆက်လက် ထွက်ခွာသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အိုလေ ဂန်နာဆိုးလ်ရှား ဟာ အီရန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရမယ့် အခွင့်အရေး ရခဲ့သော်လည်း ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။