မန်ယူနဲ့ မပူးပေါင်းဘဲ ပေါ်တူဂီမှာ ကြိတ်လေ့ကျင့်နေပေမယ့် အသင်းသစ် ရှာမရ ဖြစ်နေတဲ့ ရော်နယ်ဒို

စီ ရော်နယ်ဒိုဟာ အခုထိ မန်ချက်စတာ ယူနိုက်တက်နဲ့ ရာသီကြို ခရီးစဉ်ကို လာရောက် မပူးပေါင်းသေးဘဲ မိသားစု ကိစ္စလို့ အကြောင်းပြကာ ပေါ်တူဂီမှာပဲ ရှိနေပါသေးတယ်။ ရော်နယ်ဒိုဟာ ဒီနွေမှာ ချန်ပီယံလိဂ် ကစားရတဲ့ ကလပ် တစ်သင်းသင်းထံ ပြောင်းလိုနေပြီး သူ့ကို ကမ်းလှမ်းတဲ့ ကလပ်ရှိလာရင် လက်ခံပေးဖို့လည်း မန်ယူထံ တောင်းဆိုထားပါတယ်။

ရော်နယ်ဒိုက ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ လေ့ကျင့်ရေး စင်တာမှာ သွားရောက် လေ့ကျင့်နေပြီး အခုထိ မန်ယူအသင်းထံ သွားဖို့ ရှောင်လွှဲနေပါသေးတယ်။ ပေါ်တူဂီမှာ သူ လေ့ကျင့်နေပုံကိုလည်း ဒိုလေးက အင်စတာဂရမ်မှာ တင်ထားခဲ့သေးတာပါ။

ဒါပေမယ့် လစာကြီးမြင့်ပြီး တစ်ယောက်ကောင်း ကစားတတ်တဲ့ ရော်နယ်ဒို ကို ထိပ်သီး အသင်းတွေက ခေါ်ယူဖို့ လက်တွန့်နေပြီး ဆက်တိုက် ငြင်းဆန်မှုတွေ ပြုလုပ်နေပါတယ်။

အေးဂျင့် ဂျော့ခ်ျမန်ဒတ်စ်က ရော်နယ်ဒိုအ‌တွက် အသင်းတွေနဲ့ ချိတ်ဆက်မှုပြုလုပ်နေပေမယ့် အခုအချိန်ထိ ခေါ်ချင်တဲ့ ကလပ် အသင်းကြီးတွေ မရှိသေးဘဲ ငြင်းဆန်မှုတွေပဲ ရှိနေပါတယ်။

ချယ်ဆီးအသင်းက ခေါ်ယူနိုင်ခြေ ရှိပေမယ့် နည်းပြ တူချယ်က ရော်နယ်ဒို ကို သဘောမကျဘူး ငြင်းလိုက်သလို မကြာသေးခင်က ပီအက်စ်ဂျီက ငြင်းဆန်ထားပါတယ်။ ရော်နယ်ဒို ထွက်ခွာခွင့် တောင်းတည်းက သတင်းကြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းကလည်း ရော်နယ်ဒို ကို မခေါ်ကြောင်း ကြို ငြင်းထားခဲ့တာပါ။

ချယ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလေကလည်း ဒိုလေးရဲ့ အေးဂျင့် ဂျော့ခ်ျမန်ဒတ်စ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပေမယ့် နည်းပြ တူချယ်က ရော်နယ်ဒိုကို ခေါ်ဖို့ စိတ်မဝင်စားခဲ့တာဖြစ်ပါတယ်။

မန်ယူဘက် ကတော့ ရော်နယ်ဒိုကို ရောင်းချမှာမဟုတ်ဘူးလို့ ငြင်းဆန်ထားပြီး နည်းပြ တန်ဟတ်ကလည်း သူ့ရဲ့ အစီအစဉ်မှာ ရော်နယ်ဒို ပါတယ်လို့ ပြောခဲ့တာပါ။ ဒါကြောင့် ရော်နယ်ဒို အနေနဲ့ အသင်းသစ် ရှာမတွေ့ရင် နောက်ဆုံး မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြန်ပြီး ကစားသွားရနိုင်တာဖြစ်ပါတယ်။