ဂန်းနားတို့ ပစ်မှတ် ဇင်ချန်ကို အတွက် မန်စီးတီး ဈေးသတ်မှတ်၊ တော်ရဲရား၊ အိုဇေးလ်တို့နဲ့ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်ဟာ နောက်ခံလူနေရာအတွက် အေဂျက်ဇ်နောက်ခံလူ မာတီနက်ဇ် အပေါ် လက်လျှော့ လိုက်ပြီဖြစ်ပြီး တခြား ပစ်မှတ်တွေကိုသာ ရှာဖွေတော့မှာပါ။ လက်ရှိမှာတော့အာဆင်နယ်ဟာ ရှက်တာဒိုးနက် နောက်ခံလူ ဗတ်ဗီယန်ကို ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။

ဒါ့အပြင် မာတီနက်ဇ်နေရာ အစားထိုး ပစ်မှတ် အဖြစ် မန်စီးတီးမှ ဇင်ချန်ကို ကိုလည်း အာဆင်နယ်က ပစ်မှတ်ထားနေတယ် လို့ အင်္ဂလန် သတင်းတွေက ဖော်ပြထားကြပါတယ်။

မန်စီးတီးကလည်း ဇင်ချန်ကိုအတွက် အာဆင်နယ်အသင်းရဲ့ ချဉ်းကပ်လာမှုကို လက်ခံထားပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ဝန်းကျင်ရရင် အပြောင်းအရွှေ့ ဖြစ်လာနိုင်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ချဲလ်ဆီးအသင်းဆီက စိတ်ဝင်စားမှုကို ရခဲ့ပေမဲ့လည်း အာဆင်နယ် ကစားသမားဟောင်း တဦးဖြစ်တာကြောင့် ပြောင်းရွှေ့လိုခြင်း မရှိတဲ့ တောင်ပံ တိုက်စစ်ကစားသမား ဆာ့ဂျ် ဂျနာဘရီဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ပဲ စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီး ကွင်းလယ်ကြယ်ပွင့်ဟောင်း ဆက်စ် ဖာဘရီဂတ်စ်ဟာ စီးရီးဘီ အသင်း တသင်းဖြစ်တဲ့ ကိုမို အသင်းဆီကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပူးပေါင်းခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားအနေနဲ့ လာလီဂါကလပ် ဗလန်စီယာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူရဲ့ ဖွင့်ဟချက်အရ သိရပါတယ်။ “ကျွန်တော်တို့ဟာဗလန်စီယာမှာ ကစားဖို့ တော်ရဲရားအတွက် ဂတ်တူဆိုနဲ့ အကြို သဘောတူညီမှု ရရှိခဲ့ပါပြီ”လို့ တော်ရဲရားရဲ့ အေးဂျင့်က ဖွင့်ဟခဲ့ပါတယ်။

ပဲလေ့စ်ဥက္ကဋ္ဌဟောင်း ဆိုင်မွန်ဂျော်ဒန်ကတော့ အာဆင်နယ်ကစားသမားဟောင်း အိုဇေးလ်ဟာ ပြဿနာဖြစ်နေကြောင်း၊ လက်ရှိမှာ အိုဇေးလ်ဟာ အာဆင်နယ်မှာတုန်းကနဲ့ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရကြောင်း၊ နောက်ထပ် အသင်းပြောင်းရင်လည်း အိုဇေးလ်က ပြဿနာဖြစ်နေဦးမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဘင်ဖီကာဥက္ကဋ္ဌကော်စတာက အာဆင်နယ်ပစ်မှတ်ထားနေတဲ့ နောက်ခံလူ ဂရင်မယ်ဒိုရဲ့ သတင်းတွေက ကောလဟလတွေသာဖြစ်ကြောင်း၊ အဲဒီသတင်းတွေ ဘယ်လိုထွက်လာသလဲဆိုတာ သူမသိကြောင်း၊ သူ့အနေနဲ့ ဘာအပြောင်းအရွှေ့ သတင်းမှ မကြားမိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဖူလ်ဟမ်ဟာ ပစ်မှတ်ထားတဲ့ ဂိုးသမားလီနိုအတွက် အာဆင်နယ်ဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိပါဘူး။ မက်တာနာကို ခေါ်ယူပြးီနောက်အာဆင်နယ်ဟာ ဂိုးသမားလီနိုကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာပါ။ ဖူလ်ဟမ်ဟာ လီနိုနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားခဲ့ပေမဲ့ အာဆင်နယ်က လိုချင်နေတဲ့ ပေါင် ၁၁ သန်းကို ပေးချေလိုခြင်း မရှိတာပါ။