ပီပီ၊ ဆာကာ၊ ဆာနေး၊ ဆာလီဘာ၊ မကျေနပ် ဖြစ်နေတဲ့ လီနိုနဲ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ

အာဆင်နယ်အသင်းဟာ ဒီမနက်မှာ နည်းပြ လမ်းပတ်ရဲ့ အဲဗာတန်အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားရာ ၂-ဝ နဲ့ အနိုင်ရရှိခဲ့ပြန်ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကို ဂျေးဆုနဲ့ ဆာကာတို့က တစ်ဂိုးစီ သွင်းယူခဲ့တာပါ။

အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ပီပီကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့ လက်စတာနဲ့ အဲဗာတန် ကလည်း ပစ်မှတ်ထားလာခဲ့ပါပြီ။ လက်ရှိမှာ ပီပီကို ဆီဗီးလ်နဲ့ လိဒ်စ်တို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပြီး အာဆင်နယ် ကတော့ ပေါင် ၂၅ သန်းတည်းနဲ့ အရှုံးခံရောင်းချသွားမှာပါ။

မန်စီးတီးအနေနဲ့ စတာလင်ကို ရောင်းချခဲ့ပြီးနောက် အာဆင်နယ်အနေနဲ့ ဆာကာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက် လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ဆာကာကို သက်တမ်းတိုးဖို့က အာဆင်နယ်ရဲ့ ဦးစားပေး လုပ်ရပ်ဖြစ်ပြီး အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ လက်ရှိမှာ ဆာကာနဲ့ လုပ်ခလစာကို ညှိနှိုင်းနေပြီး ဆာကာကလည်း အာဆင်နယ်မှာ ပျော်ရွှင်နေပါတယ်။

အာဆင်နယ်ကွင်းလယ်လူသစ် ဗီအဲရာက အသင်းဖော် မာကွင်ဟို့စ်ရဲ့ အင်္ဂလိပ်စကားပြောက သူ့ထက်တောင် ပိုဆိုးနေကြောင်း၊ သူတို့နှစ်ယောက်ဟာ များသောအားဖြင့် ပေါ်တူဂီလိုပဲ ပြောဆိုကြကြောင်း၊သူတို့နှစ်ယောက်စလုံးဟာ အင်္ဂလိပ်စကား သင်ယူဖို့ လိုအပ်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဘိုင်ယန်မြူုးနစ် တိုက်စစ်ကစားမား ဆာနေးကို စိတ်ဝင်စားလာတယ်လို့ ဂျာမန်နာမည်ကြီး သတင်းဋ္ဌာန BILD က ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘိုင်ယန်ဘက်က သူတို့ရဲ့ကစားသမားအတွက် ယူရို သန်း ၇၀ အလိုရှိ နေပါတယ်။

အာဆင်နယ်ဂိုးသမားလီနိုက သူ့အပေါ် ဈေးကိုင်နေတဲ့ အာဆင်နယ်ရဲ့လုပ်ရပ်ကို မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။ လီနိုဟာ ပရီးမီးယားလိဂ်တန်းတက်ကလပ် ဖူလ်ဟမ်ကို ပြောင်းရွှေ့ဖို့ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု အပြည့်အ၀ ရရှိထားပြီ ဖြစ်ပေမဲ့ ဖူလ်ဟမ်က အာဆင်နယ်တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်း ကို ပေးချေနိုင်ခြင်း မရှိတာပါ။

အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုက ပရီးမီးယားလိဂ်ကလပ်အာဆင်နယ်အနေနဲ့ လာမဲ့ရက်ပိုင်းအတွင်း တောင်ပံကစားသမားသစ် ခေါ်ယူဖို့ မျှော်လင့်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “လာမဲ့ ရက်ပိုင်း ဒါမှမဟုတ် ရက်သတ္တပတ် အတွင်းမှာ အာဆင်နယ်အနေနဲ့ တောင်ပံကစားသမားခေါ်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်” လို့ ဖာဘရီဇီယိုက ဆိုခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက သူ့အနေနဲ့ ရာသီသစ်မှာ နောက်ခံလူ ဆာလီဘာကို အခွင့်အရေး ပေးသွားမှာ ဖြစ်ကြောင်း၊ ဆာလီဘာဟာ သူ့အစီအစဉ်ထဲမှာ ပါဝင်နေပြီး အရည်အသွေးရှိကစားသမားဖြစ်ကြောင်း၊ ဒါပေမဲ့ ဘယ် ကစားသမားကိုမှ ပွဲကစားချိန်နဲ့ပတ်သက်ပြီး အာမခံချက် မပေးနိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက လူငယ်ကြယ်ပွင့်နှစ်ဦးဖြစ်တဲ့ ဖလိုရက်စ်နဲ့ ပါတီနိုတို့ကို အမေရိက ခရီၤးစဉ်မှာ ချန်လှပ်ခဲ့တဲ့အပေါ် ရှင်းလင်းခဲ့ပါတယ်။ အမေရိကခရီးစဉ်အတွက် ဝယ်တာနဲ့ဘာလိုဂန်တို့ကိုခေါ်ထားပြီး လူစာရင်း ဟန်ချက်ညီအောင် ပြုလုပ်ခဲ့ရကြောင်း၊ ဂျာမနီမှာတုန်းက လူငယ်အများအပြားကို အသုံးပြုခဲ့ပြီး အခုအခါ ဟန်ချက် ညီစေအောင် သူတို့ကို ချန်လှပ်ခဲ့ရတာဖြစ်ကြောင်း အာတီတာက ဆိုခဲ့ပါတယ်။