ဆေးမထိုးကြတာ စိတ်ပျက်နေတဲ့ တူချယ်၊ ကင်ပန်ဘီ၊ ကွန်ဒေ၊ ဘရိုဂျာနဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းတိုများ

နေသန် အကီ အတွက် မန်စီးတီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပျက်ပြယ်သွားခဲ့တဲ့နောက်မှာ ချဲလ်ဆီး အသင်းဟာ ဆီဗီလာ အသင်းရဲ့ ကြယ်ပွင့်လေး ဂျူးလပ်စ် ကွန်ဒေ ဘက်ကို ပြန်လည် အာရုံစိုက်လာခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ပြင်သစ်သားကို လာလီဂါထိပ်တန်းကလပ် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေတာပါ။

နည်းပြ သောမတ်စ် တူချယ်ကတော့ ကိုဗစ်ကာကွယ်ဆေး မထိုးကြတဲ့ ကစားသမားတွေနဲ့ပတ်သက်လို့ စိတ်ပျက် နေပုံရပြီး ချဲလ်ဆီးအသင်းရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေဟာ ပစ်မှတ်ကစားသမားဟာ ကာကွယ်ဆေး ထိုးထားခြင်း ရှိသလား၊ မရှိဘူးလားဆိုတဲ့အချက်ကိုလည်း အရေးပါတဲ့အချက်အနေနဲ့ ထည့်သွင်းစဉ်းစားကြောင်း အတည်ပြု လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဗဟိုနောက်ခံလူ ကူလီဘာလေရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေညာနိုင်ခဲ့ပြီးနောက်မှာ အခြား ဗဟိုနောက်ခံလူ ကင်ပန်ဘီအတွက် ပီအက်စ်ဂျီအသင်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ပေါင် ၅၁ သန်းနဲ့ ၅၅ သန်းကြား ရမယ် ဆိုရင် ရောင်းချလိုနေပါတယ်။

ချဲလ်ဆီး အသင်းဟာ ဒီနှစ်နွေအပြောင်းအရွှေ့မှာ ထွက်ခွာဖွယ် ရှိနေတဲ့ တိုက်စစ်ကစားသမား ဟာကင်မ် ဇီယက်ချ်ရဲ့ နေရာကို အေစီမီလန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ပေါ်တူဂီသား ဟာဖရယ် လီလ်အိုနဲ့ အစားထိုးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အေစီမီလန်အသင်းဟာ အသက် ၂၄ နှစ်သားကို ရောင်းချသွားဖို့ ဆန္ဒမရှိတဲ့အတွက် ခေါ်ယူရ ခက်ခဲနိုင်ပါတယ်။

အင်္ဂလန် တိုက်စစ်သမား စတာလင်ဟာ ချဲလ်ဆီးအသင်းထံ မပြောင်းခင်မှာ အသင်းဟောင်း လီဗာပူးထံ ပြန်သွားဖို့ ဆက်သွယ်ခဲ့သေးပြီး လီဗာပူးဘက်က ငြင်းဆန်ခဲ့တယ် လို့ သိရပါတယ်။

ကွင်းလယ်ကစားသမားလေး ကော်နာ ဂယ်လာဂါရဲ့ အရည်အသွေးတွေကိုတော့ နည်းပြ သောမတ်စ် တူချယ် တယောက် အတော်လေး သဘောခွေ့နေပြီဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ အဆင့်အတန်းမြင့်မားတဲ့ ခြေစွမ်းတွေကို ပြသနေကြောင်း၊ မနှစ်ကရာသီမှာ အငှားချခဲ့တာ မှန်ကန်ခဲ့ကြောင်း၊ အင်္ဂလန်သားလေးရဲ့ လုပ်အားနှုန်းတွေဟာ အရမ်းကိုပဲ ထူးခြားကောင်းမွန်ကြောင်း ဆိုခဲ့ပြီး လာမဲ့ရာသီမှာ နေရာပေးသွားမယ်လို့ အရိပ်အမြွက်‌ ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းက ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်ဆိုတဲ့ တိုက်စစ်ကြယ်ပွင့်လေး အာမန်ဒို ဘရိုဂျာကို လတ်တလောမှာ ရောင်းချသွားဖို့ အစီအစဉ်မရှိကြောင်း နည်းပြ တူချယ် က အတည်ပြုပါတယ်။

ချဲလ်ဆီးအသင်းဟာ အမေရိကန် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းရဲ့ ဂိုးသမားလေး ဂါဘရီရဲလ် ဆလိုနီနာရဲ့ အပြောင်းအရွှေ့ကို ရက်ပိုင်းအတွင်း အပြီးသတ်သွားတော့မယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေးက ပေါင် ၁၀ သန်း ဖြစ်ပြီး ၎င်းကို ချီကာဂို ဖိုင်းယားအသင်းဆီပဲ ပြန်လည် အငှားချပေးမှာ ဖြစ်ပါတယ်။