စပို့တင်း ပြန်ဖို့ လုပ်နေတဲ့ ဒိုလေး၊ လီဗာပူး ကွင်းလယ်ပစ်မှတ်၊ ကင်ပန်ဘီ၊ ကီပါတို့နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်ဟာ အမေရိက ရာသီကြို လေ့ကျင့်ရေးခရီးကနေ ချန်လှပ်ခံခဲ့ရတဲ့ ဂျူဗင်တပ် ကွင်းလယ်လူ အာသာကို ခေါ်ယူဖို့ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းခဲ့ပြီး ဘာကာအပါအဝင် တခြားကလပ်တွေနဲ့အတူ ၎င်းရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

ယာဂန်ကလော့ပ်ဟာ နောက်ထပ် ကွင်းလယ်လူကို မလိုအပ်ဘူးလို့ ပြောဆိုခဲ့ပေမယ့်လဲ လီဗာပူးဟာ လိုင်လီ ကွင်းလယ်လူ အမာဒူ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ဒီနွေမှာ ၎င်းရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းများစွာထဲ အပါအဝင် ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွာလိုနေဆဲ ဖြစ်ပြီး အသင်းဟောင်း စပို့တင်း လစ်စဘွန်းထံ အငှားနဲ့ ပြန်ဖို့ ဆွေးနွေးနေတယ် လို့ သိရပါတယ်။ ရော်နယ်ဒိုရဲ့ ကစားကို စပို့တင်း လေ့ကျင့်ရေးကွင်းမှာ တွေ့ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ နယူးကာဆယ် ပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ ကွင်းလယ်ကြယ်ပွင့် ဟာရီဆန်အတွက် ပေါင် ၃၅ သန်းအလိုရှိနေပါတယ်။ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းအနေနဲ့ ၂၅နှစ်အရွယ် ကစားသမားရဲ့ လုပ်အားနှုန်းကို သဘောကျနေပြီး စိန့်ဂျိမ်းပတ်ကို ခေါ်ဆောင်လိုနေတာပါ။

ချယ်ဆီးဟာ ပီအက်စ်ဂျီ ဗဟိုနောက်ခံလူ ကင်ပန်ဘီအတွက် ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ကွန်ဒီအတွက် ဆီဗီလားနဲ့ စကားပြောဆိုမှုတွေလဲ ပြန်လုပ်နေပါတယ်။ ပီအက်စ်ဂျီကတော့ ကင်ပန်ဘီအတွက် ပေါင် ၄၂ သန်း ဝန်းကျင်နဲ့ ရောင်းချသွားဖို့ ဆန္ဒရှိနေတာပါ။

အာဆင်နယ်ဟာ မန်စီးတီးရဲ့ ယူကရိန်းနောက်ခံလူ ဇင်ချန်ကို ကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူမှု ပြီးမြောက် တော့မှာဖြစ်ပြီး မန်စီးတီးကတော့ ၎င်းနေရာ အတွက် ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာကို ကမ်းလှမ်းမှု လုပ်သွားမှာပါ။

နာပိုလီဟာ ချယ်ဆီးဂိုးသမား ကီပါကို အငှားခေါ်ယူဖို့ စုံစမ်းမေးမြန်းမှု လုပ်ခဲ့ပါတယ်။ မန်ဒီရောက်လာပြီးနောက် အရံခုံကို ရောက်ခဲ့တဲ့ ကီပါဟာ ပထမအသင်း ကစားချိန် လိုအပ်နေတာနဲ့အတူ နာပိုလီက အဲ့ဒါကို ကမ်းလှမ်းမှု လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်အပတ်အတွင်း ရော်နယ်ဒို ဒါမှမဟုတ် မာရှယ် ထွက်ခွာသွားရင် အစားထိုးဖို့ အတွက် ဘရန့်ဖို့ဒ်ရဲ့ အိုင်ဗန် တိုနေးကို ဆက်လက်စောင့်ကြည့်နေပါတယ်။ တိုနေးဟာ ယူနိုက်တက်အပြင် ဝက်စ်ဟမ်း၊ လိဒ်စ်နဲ့ နယူးကာဆယ်တို့ရဲ့ စိတ်ဝင်စားမှုကိုလဲ ရရှိနေတာပါ။

ဂျူဗင်တပ်အနေနဲ့ ရိုးမားကွင်းလယ်လူ ဇာနီယိုလိုကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ၂၃ နှစ်အရွယ် ကစားသမားဟာ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမဲ့လစာတိုးလိုချင်နေတာပါ။ တကယ်လို့ ဇာနီယိုလို တောင်းတဲ့လစာကို ရိုးမားက မပေးနိုင်ဘူးဆိုရင် ဂျူဗင်တပ် ရောက်ဖွယ်ရှိနေပါတယ်။