ချဲလ်ဆီး ခံစစ်မှုးသစ် ကူလီဘာလေ က ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်တဲ့ အားနည်းချက် ရှိတယ်လို့ ဖော်ထုတ်မှု
ချဲလ်ဆီး အသစ်ခေါ်ယူလိုက်တဲ့ ဗဟိုခံစစ်ကစားသမား ကူလီဘာလေ ဟာ နာပိုလီအသင်းမှာလိုမျိုး အသင်းရဲ့ ထိပ်တန်း ဦးဆောင်မှုပေးနိုင်မယ့် ကစားသမားမျိုး မဖြစ်နိုင်ဘူးလို့ နည်းပြဟောင်း ရာဖာ ဘင်နီတက်ဇ်က ပြောကြား လိုက်ပြီး သူ့ရဲ့ တပည့်ဟောင်းရဲ့ သိသာတဲ့ အားနည်းချက်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ကူလီဘာလေကို နာပိုလီအသင်းဆီ ဂျန့်ခ်အသင်းကနေ ခေါ်ယူခဲ့တဲ့ စပိန်သားနည်းပြကြီး ဟာ ဆီနီဂေါသားက ပရီးမီးယားလိဂ်မှာ အခက်တွေ့ဖွယ် ရှိနေတာကို ထောက်ပြသွားခဲ့ပါတယ်။

“ ကူလီဘာလေက အာရုံစူးစိုက်မှုတွေ ပိုကောင်းဖို့ လိုနေတယ်။ ယုံကြည်မှု လွန်ကဲပြီး မဖြစ်သင့်တာတွေကို လုပ်တတ်တာက ပရီးမီးယားလိဂ်မှာတော့ အပြစ်တင်ခံရနိုင်ပါတယ်။ နာပိုလီမှာ လူတွေ ယုံကြည်ရတဲ့ ခံစစ်မှူးမျိုး ချဲလ်ဆီးအသင်းမှာ ဖြစ်လာဦးမလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်”လို့ စပိန်သားနည်းပြက ဆိုပါတယ်။
“ကူလီဘာလေက အီတလီမှာတော့ မြန်တယ်လို့ ပြောနိုင်ပေမယ့် ပရီးမီးယားလိဂ်က အမြန်နှုန်းနဲ့ကျတော့ သူ့အနေနဲ့ ခံစစ်မှာ စိုးမိုးထားနိုင်မလားတော့ မေးရမှာပဲ။ ပြီးတော့ အမြင့်ဘောတွေမှာ သိပ်မကောင်းတာက သူ့ရဲ့ အားနည်းချက် တစ်ခုပါ။ အီတလီမှာကတော့ ဒါက သိပ်ပြီး အရေးမကြီးပေမယ့် ဒီမှာတော့ သူတိုးတက်လာနိုင်မလား မပြောတတ်ဘူး ” လို့ ဘင်နီတက်ဇ်က ထောက်ပြ သွားခဲ့ပါတယ်။

ကူလီဘာလေရဲ့ မှတ်တမ်းတွေအရတော့ ဘောလုံးဖြတ်တောက်ရယူမှု၊ ပိတ်ဆို့မှုတွေမှာ ကောင်းမွန်ပြီး ခေါင်းတိုက် ရှင်းထုတ်မှုတွေမှာတော့ တစ်ဖက်တိုက်စစ်မှူးဆီကနေ အောင်မြင်မှု နည်းခဲ့သလို အီတလီလို နေရာမျိုး မှာတောင် တစ်ရာသီအတွင်း ၅၈ ကြိမ်သာ ရှင်းထုတ်နိုင်ခဲ့တာက ချဲလ်ဆီး ခံစစ်အတွက် ဖြေရှင်းရမယ့် ပြဿနာတစ်ရပ်လည်း ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးတို့အနေနဲ့ ကူလီဘာလေကို အမြင့်ဘောတွေမှာ လုံးလုံးလျားလျား ယုံစားဖို့ မဖြစ်နိုင်ဘဲ နည်းပြ သောမတ်စ် တူချယ် အနေနဲ့ ခံစစ်မှာ နောက်ထပ်အဖြေတစ်ခု ရှာဖွေရဖို့ ရှိနေသလို အရပ်အမောင်း မြင့်မားတဲ့ နောက်ခံလူတစ်ဦးကို အားဖြည့်သွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။