တန်ဟတ် မကြိုက်တဲ့ ကစားသမား ၃ဦးကို မန်ချက်စတာ ယူနိုက်တက် အရောင်း တင်လိုက်ပါပြီ

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြ တန်ဟက် အစီအစဉ်တွေထဲ မှာ မပါတော့မယ့် နောက်ခံ လူတွေ ဖြစ်တဲ့ အဲရစ်ဘိုင်လီ၊ အက်စဲလ်တွမ်ဇီဘီနဲ့ ဖီးလ်ဂျုံးစ်တို့ကို အရောင်းစာရင်း တင်လိုက်ပြီး သူတို့ အတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ်လို့ သိရပါတယ်။

မန်ယူအသင်း ဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် အသင်းမှာ မလိုအပ်တော့တဲ့ ကစားသမားတွေကို ရောင်းထုတ်ရမှာ ဖြစ်ပြီး နည်းပြအဲရစ်တန်ဟတ်အနေနဲ့လည်း အသင်းကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။

အေဂျက်စ် နည်းပြဟောင်းဟာ အသင်းကို အဓိက ကစားသမားအချို့နဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်း လိုတာကြောင့်လည်း နောက်ခံ ကစားသမား ၃ ယောက်ကို အရောင်းစာရင်း တင်လိုက်တာ ဖြစ်ပါတယ်။

တန်ဟတ်လက်ထက် ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းဟာ ကစားသမားတွေ ပိုလျှံနေပြီး အများစုကလည်း ခြေစွမ်း မပြနိုင်သူတွေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ပေးဂိုး ၅၇ ဂိုးထိရှိခဲ့ပြီး ၁၉၇၈ – ၇၉ နောက်ပိုင်း ခံစစ် အဆိုးဆုံး ရာသီလည်း ဖြစ်ခဲ့ပါတယ်။

နောက်ခံလူသစ် လီဆန်ဒရိုမာတီနက်ဇ် ရောက်ရှိလာပြီး နောက်ပိုင်း ဘိုင်လီ၊ တွမ်ဇီဘီနဲ့ ဂျုံးစ်တို့ကိုလည်း အသင်းက ထွက်ခွာခွင့်ပြုကြောင်း အသိ ပေးထားပြီး ဖြစ်ပါတယ်။

ဂျုံးစ်ကိုတော့ ဂန္တဝင် ကစားသမားဟောင်း ဝိန်းရွန်းနီရဲ့ ဒီစီယူနိုက်တက်က စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ တွမ်ဇီဘီကိုတော့ ဆောက်သမ်တန်က စိတ်ဝင်စားနေပြီး ဘိုင်လီကိုတော့ လာလီဂါကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။